စနေ၊ မေလ ၄ရက်၊ ၂၀၂၄

NLD လက်ကျန်အစိုးရအဖွဲ့ဝင် ဒု-သမ္မတ ဦးဟင်နရီဗန်ထီးယူကို စစ်ကောင်စီက ကျန်းမာရေးအရအနားပေးဟု ထုတ်ပြန်ကြေညာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 593

လူထက်နိုင်(ဒွာရာမြီ)၊ နိရဉ္စရာ၊ ဧပြီ ၂၂ / ၂၀၂၄

 

NLD လက်ကျန်အစိုးရအဖွဲ့ဝင် ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူကို ကျန်းမာရေးအရ အနားယူခွင့် ပြုလိုက်ကြောင်း  ဧပြီ ၂၂ ရက်နေ့ညပိုင်းတွင် စစ်ကောင်စီမှ  ထုတ်ပြန်ကြေညာသည်။

 

“နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ အား ကျန်းမာရေးအရ တာဝန်မှ အနားယူခွင့်ပြုလိုက်သည်” ဟုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

 

ဦးဟင်နရီ ဗန်ထီးယူသည် NLD ပါတီက ဒုတိယသမ္မတအဖြစ် တင်မြှောက်ခဲ့သူ ဖြစ်ပြီး အာဏာသိမ်းပြီး နောက်ပိုင်း စစ်ကောင်စီက ဒုတိယသမ္မတအဖြစ် ဆက်လက်ထားရှိသူဖြစ်သည်။

 

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ချင်းပြည်နယ်မှ ရွေးချယ်ခံခဲ့ရသည့် ဦးဟင်နရီဗန်ထီးယူအား ရွေးကောက်ပွဲနေရာအများစုအနိုင်ရခဲ့သည့် NLD ပါတီက ဒုတိယသမ္မတ(၂)အဖြစ် ရွေးချယ်တင်မြှောက်ခဲ့ခြင်းဖြစ်သည်။

 

 ၂၀၂၁ခုနှစ် အာဏာသိမ်းပြီးနောက် ဦးဟင်နရီဗန်ထီးယူသည် ဒုတိယသမ္မတ(၂)အဖြစ် ဆက်ရှိနေခဲ့ပြီး စစ် ကောင်စီက အာဏာသိမ်းပြီးနောက် အစောပိုင်း ကာလုံအစည်းအဝေးများတွင် ဦးဟင်နရီဗန်ထီးယူသည် လူမြင်ကွင်းက ပျောက်ကွယ်နေခဲ့သော်လည်း ၂၀၂၃ခုနှစ် ဇူလိုင်လတွင် ကျင်းပသော စစ်ကောင်စီကာလုံအစည်းအဝေး၌ ဦးဟင်နရီဗန်ထီးယူစတင် တက်ရောက်ခဲ့ပြီး စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်နှင့်လည်း လက်ဆွဲနှုတ်ဆက်သည့်ဓာတ်ပုံများ စစ်ကောင်စီမှ ထုတ်ပြန်ခဲ့သည်ကို တွေ့ရသည်။ 

 

 ၂၀၂၃ ခုနှစ်၊  သြဂုတ်လ (၉) ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD  “ဦးဟင်နရီဗန်ထီးယူသည် ပြည်သူ့ဆန္ဒကိုသာ အဓိကထား  အကောင်အထည်ဖော် ဆောင်ရွက်ရသည့် ပါတီ၏ ရည်ရွယ်ချက်များနှင့် ချမှတ်ထားသောမူဝါဒများကို လိုက်နာဆောင်ရွက်ပါမည်ဟု ကတိသစ္စာ ပြုထားသည့် အပြင် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲရလဒ်အရ ပါတီကိုယ်စားပြု အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦး အနေဖြင့် မဲဆန္ဒရှင် ပြည်သူလူထု၏ ဆန္ဒကို အလေးအနက်ထား ဆောင်ရွက်ပါမည်ဟူသော ပြည်သူလူထုထံ ပေးအပ်ထားသော ကတိသစ္စာများကိုလည်း ချိုးဖောက်လိုက်ခြင်းကြောင့် ဦးဟင်နရီဗန်ထီးယူအား အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်အဖြစ်မှ ထုတ်ပယ်လိုက်သည်” ဟုထုတ်ပြန်ခဲ့သည်။

 

ဦးဟင်နရီဗန်ထီးယူသည် (၂၀၁၆-၂၀၂၁) လွှတ်တော်သက်တမ်းအတွင်း ပါတီမှယုံကြည်စွာ တာဝန် ပေးထားခဲ့သည့် ဒုသမ္မတဖြစ်ခဲ့သော်လည်း ယခုအခါ ပြည်သူလူထုကိုအကြမ်းဖက်၊ နှိပ်စက်၊ ဖမ်းဆီး၊ သတ်ဖြတ်လျက် စစ်ရာဇဝတ်မှုပေါင်း မြောက်မြားစွာကို ကျူးလွန်နေသော အာဏာလု စစ်အုပ်စုနှင့် (၃၁.၀၇.၂၀၂၃) နေ့တွင် ပူးပေါင်းဆောင်ရွက်ကြောင်း တွေ့ရှိရပါသည်ဟုလည်း NLD ၏ထုတ်ပြန်ချက်တွင်ပါရှိသည်။

 

ယခုကဲ့သို့ စစ်ကောင်စီမှ အနားယူခွင့်ပေးလိုက်ခြင်းသည် ဦးဟင်နရီဗန်ထီးယူကိုယ်တိုင် ဆန္ဒလား သို့မဟုတ် စစ်ကောင်စီ၏ တဖက်သတ်ဆုံးဖြတ်ထုတ်ပယ်ခြင်းလား ဆိုသည်ကိုမူ မသိရှိရသေးပေ။

 

နှစ်သစ်ကူးကာလအပြီး နေပြည်တော်တွင် စစ်ကောင်စီက ပထမဆုံးအကြိမ် ပြန်လည် ပြုလုပ်သည့် စစ်ကောင်စီ အစည်းအဝေးအပြီးတွင် ယခု ထုတ်ပြန်ချက်ထွက်ပေါ်လာခြင်းဖြစ်ပြီး အဆိုပါအစည်းအဝေးတွင် စစ်ကောင်စီ၏ ဒုတိယအကြီးဆုံး ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်သည်ကို တွေ့မြင်ရခြင်း မရှိပေ။ 

 

ပုံမှန်အားဖြင့် စစ်ကောင်စီအစည်းအဝေးတိုင်းတွင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် လာသည်ကို တွေ့မြင်ရသော်လည်း ယခုအစည်းအဝေးတွင် မမြင်တွေ့ရခြင်းမှာ ထူးခြားမှု ရှိနေသည်။ 

ဆက်စပ် သတင်းများ