တနင်္လာ၊ မေလ ၆ရက်၊ ၂၀၂၄

ရမ်းဗြဲအောက်စီဂျင်စက်ရုံတည်ဆောက်နေသည့်မြေနေရာ ကန့်ကွက်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ စက်တင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 6.1k


အောင်ဇံ
နိရဉ္စရာ၊ သြဂုတ်လ ၃၀/၂၀၂၁
ရခိုင်ပြည်နယ် ၊ရမ်းဗြဲမြို့၊ အမှတ် (၆) ရပ်ကွက်တွင် အောက်စီဂျင်စက်ရုံ တည်ဆောက်နေသည့် မြေနေရာမှာ ကမန်လူမျိုးမိသားစုပိုင် မြေနေရာ ဖြစ်နေသဖြင့် ကန့်ကွက်ခံထားရသည်ဟု သတင်းရရှိသည်။
အဆိုပါမြေနေရာသည် ကမန်လူမျိုးဦးဘစံ ပိုင်ဆိုင်သော မြေနေရာဖြစ်ပြီး ၂၀၁၂ ခုနှစ်အထိ မျိုးရိုးစဥ်ဆက် နေထိုင်ခဲ့သောမြေနေရာဖြစ်ကြောင်း မြေပိုင်ရှင်၏ မိသားစုဝင်တစ်ဦးဖြစ်သူ ဦးဘစံ၏မြေးဒေါ်ညွန့်ညွန့်ခင်က ပြောသည်။
ဒေါ်ညွန့်ညွန့်ခင်က '' အောက်ဆီဂျင်စက်ရုံဆောက်နေတယ်လို့ လူမှု ကွန်ယက်စာမျက်နာပေါ်မှာ တင်လာတယ်။ အဲဒီခါမှ ဒီမြေနေရာဟာ ကျွန်မတို့မြေနေရာမှန်းသိရတယ်။ အဲ့ဒီမြေက ကျွန်မတို့ အဖိုးပိုင်တာ။ မိသားစု အစဥ်အဆက်နေခဲ့တဲ့မြေနေရာပါ။ သူတို့ စက်ရုံဆောက်ဖို့ အကြောင်း ကြားတာလည်း မရှိဘူး။ ကျွန်မတို့တောင် ဖောင်ဒေးရှင်းချပြီးမှ သိတာပါ''ဟု နိရဉ္စရာသို့ ပြောသည်။
ထိုသို့ ဘိုးဘွားပိုင် မြေနေရာတွင် အောက်စီဂျင်စက်ရုံတည်ဆောက်နေသဖြင့် သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ တိုင်ကြားထားကြောင်း ၎င်းက ပြောကြားသည်။
'' ကျွန်မ အကိုတို့ပိုင်တဲ့နေရာမှလည်း သူတို့ ဘောလုံးကွင်းလုပ်မယ်ဆိုပြီး လုပ်ခဲ့ကြသေးတယ်။ ကျွန်မတို့မရှိတဲ့နောက်ပိုင်း ကျွန်မတို့မြေနေရာတွေကို ဥပဒေမဲ့ ရွေးပြီးတော့ လုပ်နေကြတယ်။ပြန် ပြောလို့လည်းမရဘူး။ ကိုယ်နေရာကို ပြန်လိုချင်လို့ အမျိုးမျိုးလဲ တိုင်ကြားပြီးပါပြီ'' ဒေါ်ညွန့်ညွန့်ခင်က ပြောသည်။
၄င်းတို့၏ ဘိုးဘွားပိုင်မြေနေရာတွင် အတင်းဓမ္မ ကျူးကျော်၍ အောက်စီဂျင်စက်ရုံ တည်ဆောက်မှုကို ဖြေရှင်းပေးရန် ULA/AAသို့ တိုင်ကြားထားကြောင်းလည်း ဒေါ်ညွန့်ညွန့်ခင်ကပြောသည်။
ရမ်းဗြဲ မြို့က အမည်မဖော်လိုသူတစ်ဦးကလည်း'' အောက်စီဂျင်စက်ရုံက ဖောင်ဒေးရှင်းအထိပြီးနေပြီ။ အဲ့သည်မြေနေရာက အရင်ဝန်ကြီးဟောင်း တစ်ဦးက ပရဟိတအဖွဲ့တစ်ခုကိုပေးထားတာလို့ ကြားတယ်။ နောက်အောက်စီဂျင်စက်ရုံတည်ဆောက်ဖို့ဆိုပြီး အဲ့ဒီ မြေနေရာမှာ လုပ်ကြတာတွေ့တယ်။ အရင်ကလည်း ကမန်အိမ်မြေနေရာမှာ ဘောလုံးကွင်း တစ်ကွင်း လုပ်ဖို့ကြားသေးတယ်။ နောက်တော့ ကန့်ကွက်ကြလို့လားမသိဘူး ဘောလုံးကွင်းလုပ်တာ ကို မတွေ့ရဘူး''ဟု နိရဉ္စရာသတင်းဌာနသို့ ပြောသည်။
ရမ်းဗြဲမြို့၊ အမှတ် ၆ ရပ်ကွက်တွင် ကမန်လူမျိုးအိမ်ထောင်စု ၁၁၁စု၊ လူဦးရေ ၄၀၀ ခန့်နေထိုင်ခဲ့ပြီး ၂၀၁၂ ခုနှစ် ဘာသာရေးပဋိပက္ခအတွင်း ကမန်လူမျိုးပိုင် အိမ်များ မီးရှို့ခံလိုက်ရပြီး ၎င်းတို့မှာ နေရပ်စွန့်ခွာခဲ့ကြရသည်ဟု သိရသည်။
အဆိုပါပဋိပက္ခနောက်ပိုင်း ရမ်းဗြဲမြို့မှ ကမန်လူမျိုးအများစုမှာ နေရာ အသီးသီးသို့ ပြောင်းရွေ့သွားပြီး လက်ရှိအချိန်တွင် ရမ်းဗြဲ မြို့၌ ကမန်လူမျိုးအနည်းငယ်သာ ရှိတော့ကြောင်း သိရသည်။

ဆက်စပ် သတင်းများ