တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

အဂတိပုဒ်မဖြင့် အမှုဖွင့်ခံထားရသည့် ရခိုင်ဝန်ကြီးချုပ်ဟောင်းဦးညီပုအပါအဝင် ဝန်ကြီးဟောင်း ၅ ဦး မိသားစုနှင့်တွေ့ခွင့်မရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ စက်တင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 692

မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ စက်တင်ဘာ ၃ / ၂ဝ၂၁
အဂတိလိုက်စားမှုပုဒ်မဖြင့်အမှုဖွင့်ခံထားရသည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်းဦးညီပုနှင့် ဝန်ကြီးဟောင်း ၄ ဦးကို မိသားစုများက တွေ့ခွင့်မရဖြစ်နေသည်ဟု သိရသည်။
မိသားစုများနှင့်တွေ့ခွင့်မရသော်လည်း ၎င်းတို့အတွက်လိုအပ်သည့် ဆေးဝါးများနှင့် စားသောက်ဖွယ်ရာများကို မိသားစုများအနေဖြင့် ပေးပို့၍ရနေသည်ဟု သိရသည်။
ဝန်ကြီးဟောင်းဦးမင်းအောင်၏သား ကိုဘုန်းမင်းခန့်က “စားစရာတွေတော့ တောင်ကုတ် ၅၄၄ စစ်တပ်ကို သွားပြီး ပို့ရတယ်။ အဝမှာပဲထားခဲ့ရပြီး ရောက်လား၊ မရောက်လားလည်း မသိဘူး။ ကျန်းမာရေးတော့ ကောင်းတယ်ပြောတာပဲ။ တွေ့ခွင့်လည်း မရဘူးလေ။”ဟု ပြောသည်။
လက်ရှိတွင် ၎င်းတို့ ၅ ဦး၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်သော်လည်း အသက် ၇၄ နှစ်ရှိပြီဖြစ်သည့် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးအောင်ကျော်ဇံမှာ ကိုဗစ်ဖြစ်ပြီးကာစအခြေအနေရှိနေသည်ဟု သိရသည်။
“သူတို့တွေနဲ့ တွေ့ခွင့်တော့ မရဘူး။ ဒါပေမဲ့ အစားအသောက်တွေပို့ခွင်ရကြတယ်။ ကျန်းမာရေးလည်း ကောင်းကြတယ်။ ဦးအောင်ကျော်ဇံက ကိုဗစ်ဖြစ်လို့ကောင်းခါစပဲရှိသေးတယ်။”ဟု အခြားဝန်ကြီးတစ်ဦး၏ မိသားစုဝင်တစ်ဦးက နိရဥ္စရာကိုပြောသည်။
အဂတိလိုက်စားမှုပုဒ်မဖြင့် အမှုဖွင့်ခံထားရသည့် ဝန်ကြီးဟောင်းများမှာ ပြည်နယ်ဝန်ကြီးချုပ်ဟောင်းဦးညီပု၊ ပြည်နယ်ဘဏ္ဍာ/အခွန်၊ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီးဟောင်း ဦးကျော်အေးသိန်း၊ ပြည်နယ်လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးအောင်ကျော်ဇံ၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးဟောင်း ဦးမင်းအောင်နှင့် ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီးဟောင်း ဦးကျော်လွင်တို့ဖြစ်သည်။
၎င်းတို့သည် နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းနှင့်ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာစေသည့်အတွက်ဟုဆိုကာ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ ဖြင့် သြဂုတ်လ ၁၂ ရက်နေ့တွင် စစ်တွေမြို့မရဲစခန်း၌ အမှုဖွင့်ခံလိုက်ရခြင်းဖြစ်သည်။
၎င်းတို့ကို သြဂုတ်လ ၂၅ ရက်မှ စက်တင်ဘာ ၈ ရက်အထိ စစ်တွေမြို့ရှိ ပြည်နယ်တရားလွှတ်တော်တရားသူကြီးထံမှ ရမန်ကြီးနှစ်ပတ်ယူထားသည်ဟုလည်း သိရသည်။
အမှုဖွင့်ခံထားရသူများအနက် ဝန်ကြီးချုပ်ဟောင်းဦးညီပုနှင့် ဝန်ကြီးဟောင်းဦးမင်းအောင်တို့ကို စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြမှုဖြင့် ပြီးခဲ့သည့်ဖေဖော်ဝါလအတွင်းက ဖမ်းဆီးထားကာ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဥပဒေပုဒ်မ (၂၅)ဖြင့် တရားစွဲထားပြီး ယခု အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ ဖြင့် ထပ်မံအမှုဖွင့်ထားခြင်းဖြစ်သည်။

ဆက်စပ် သတင်းများ