သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ရခိုင်ဝန်ကြီးဟောင်း ၅ ဦးကို အဂတိမှုဖြင့် အပြီးသတ်အမိန့်ချရာတွင် တရားမျှတမှုရှိစေလိုဟု မိသားစုဝင်များပြော


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ ဇန်နဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 5.8k

အိမ်စိုးဖြူ
နိရဥ္စရာ၊ ဇန်နဝါရီ ၁၈/ ၂ဝ၂၂
ရခိုင်ဝန်ကြီးချုပ်ဟောင်း ဦးညီပုအပါအဝင် ဝန်ကြီးဟောင်း ၅ ဦးကို မနက်ဖြန် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ(၅၅)ဖြင့် အမိန့်ချရာတွင် တရားမျှတစေလိုကြောင်း မိသားစုဝင်များက ပြောဆိုလိုက်သည်။
ဝန်ကြီးချုပ်ဟောင်းဦးညီပု၏ ဇနီး ဒေါ်ဝင်းကြည်က “အမိန့်ချတယ်ဆိုတာ သူတို့ ချချင်ရင်ချတာပဲ။ လွှတ်ချင်ရင် လွှတ်တာပဲ။ အဲဒီတော့ ခံစားရတယ်ဆိုတာ အခုမှ ခံစားရတာမဟုတ်တော့။ ခံစားချက်ဆိုတာက အန်တီတို့မှာ ရိုးနေပြီ။ တရားမျှတတယ်၊ မမျှတတယ်ဆိုတာသိတဲ့အတိုင်းပဲလေ။ ဘယ်လိုပြောရမလဲဆိုတော့ အသက်လည်းကြီးနေပြီဆိုတော့ ကျန်းမာရေးတော့ စိုးရိမ်တယ်” ဟုပြောသည်။
ဦးညီပုသည် တရားမျှတမှုမရှိဘဲ ဖမ်းဆီးအမိန့်ချမှတ်ခံနေရခြင်းဖြစ်ပြီး အသက်လည်း (ရဝ)ကျော်ဖြစ်နေပြီဖြစ်၍ ၎င်း၏ကျန်းမာရေးကို စိုးရိမ်မိသည်ဟု ပြောသည်။
ဦးညီပုအပါအဝင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တု ဝန်ကြီးဟောင်း ဦးကျော်လွင်၊ လျှပ်စစ်၊ စစ်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဟောင်း ဦးအောင်ကျော်ဇံ၊ ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီးဟောင်း ဦးကျော်အေးသိန်းနှင့် စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်တို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ (၅၅)ဖြင့် မနက်ဖြန် ဇန်နဝါရီလ ၁၉ ရက်တွင် စစ်တွေအကျဉ်းထောင်အထူးတရားရုံး၌ အပြီးသတ်အမိန့်ချရန် ဇန်နဝါရီလ ၁၂ ရက်ရုံးချိန်းက ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။
ဝန်ကြီးဟောင်း ဦးမင်းအောင်၏ဇနီး ဒေါ်မြဝတ်ရည်က “စဖမ်းကတည်းက သူတို့ လုပ်ချင်ရာတွေလုပ်မှာပဲလို့ အစ်မတို့ ခေါင်းထဲမှာ ထည့်ထားတော့ မိသားစုအနေနဲ့ကတော့ ထူးပြီးတော့ မခံစားရဘူး” ဟုပြောသည်။
ဝန်ကြီးဟောင်း (၅) ဦးတို့အား မနက်ဖြန်ချမှတ်မည့် ပုဒ်မ(၅၅)မှာ အများဆုံးထောင်ဒဏ် ၁၅ နှစ်အထိချမှတ်နိုင်သည့် ပုဒ်မတစ်ခုဖြစ်ကြောင်း သိရသည်။
ဝန်ကြီးဟောင်း ၅ ဦးအနက် ဦးညီပုနှင့် ဦးမင်းအောင်တို့ ၂ ဦးကို ပုဒ်မ (၅၅)အပြင် မဲမသာမှုပြုလုပ်သည်ဟုဆိုကာ ရွေးကောက်ပွဲနှင့်ဆိုင်သည့် ပုဒ်မတစ်ခုဖြစ်သည့် ပုဒ်မ ၁၃ဝ(က)ဖြင့် ဒီဇင်ဘာ ၂၂ ရက်နေ့က ထပ်မံတရားစွဲထားကြောင်း သိရသည်။
ယင်းအပြင် ဝန်ကြီးဟောင်းဦးမင်းအောင်သည် ဝန်ကြီးချုပ်ဟောင်း၏မဲမသာမှုပြုလုပ်သည်ကို အားပေးကူညီသည်ဟုဆိုကာ ပုဒ်မ ၁ဝ၉ ဖြင့် ဇန်နဝါရီလ ၅ ရက်တွင် ထပ်မံတရားစွဲခံနေရသေးသည်။
၄င်းတို့ ၂ ဦးတရားစွဲခံနေရသည့် ပုဒ်မ ၁၃ဝ(က)သည် အများဆုံးထောင်ဒဏ် ၃ နှစ်ချမှတ်နိုင်ပြီး ပုဒ်မ ၁ဝ၉ မှာ ထောင်ဒဏ်နှင့်ပတ်သက်ပြီး ဥပဒေထဲတွင် တိတိကျကျပြောထားခြင်းမရှိဟု သိရသည်။
ဝန်ကြီးဟောင်း ဦးမင်းအောင်၏ဇနီး ဒေါ်မြဝတ်ရည်က “ဖမ်းကတည်းက ဒါက မတရားဖမ်းထားတာပေါ့လေ။ အဂတိတိုက်ဖျက်မှုနဲ့ဖမ်းတယ်။ အခုလည်း နောက်ထပ်ရွေးကောက်ပွဲအမှုနဲ့ထပ်စွဲတယ်။ ဒါကတော့ မတရားလုပ်တာပဲလေ။ မတရားတဲ့ဟာကို ကိုယ်ခံစားရရ၊ မခံစားရရ သူတို့ကတော့ လုပ်မှာပဲလေ”ဟု ပြောသည်။
ဝန်ကြီးဟောင်း ၅ ဦးကို ဂွမြို့နယ်ရှိ ဂုံးသောင်ပြင်အတွင်း တန်းဖိုးနည်းမြေကွက်ဖော်ဆောင်ရာတွင် ညွှန်ကြားချက်ပါ တင်ဒါစည်းမျည်းစည်းကမ်းများဖြင့် ကိုက်ညီမှုမရှိဘဲ ဆက်စပ်ကုမ္ပဏီတစ်ခုကိုစာချုပ်ချုပ်ဆိုကာ လုပ်ငန်းဆောင်ရွက်စေပြီး ငွေအလွဲသုံးစားပြုမှု၊ အစိုးရပိုင်အဆောက်အဦ ၃ ခုအား ပြည်သူသို့ ငှားရမ်းမှု၊ Third Party မှငွေအချို့ သတ်မှတ်ဘဏ်အကောင့်တွင် ရှိမနေဘဲ အခြားအကောင့်တွင် ရှိနေမှု၊ ဦးမင်းအောင်မှ အစိုးရရန်ပုံငွေတွင် ပါဝင်ခြင်းမရှိဘဲ၊ ပြည်နယ်လွှတ်တော်ခွင့်ပြုချက်မရှိဘဲ ရခိုင်မှ မြို့မဈေး(၅)စျေးကို တင်ဒါစည်းကမ်းနှင့်မညီဘဲ ငွေကြေးအပိုပေးမှုတို့ဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်ရှင်ကတရား စွဲဆိုခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ဝန်ကြီးဟောင်းများအနက် ဦးညီပုကို ၂ဝ၂၁ ခုနှစ် အောက်တိုဘာ ၈ ရက်နေ့က နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅ဝ၅(ခ)ဖြင့်လည်း အလုပ်ကြမ်းနှင့် ထောင်ဒဏ်(၂)နှစ်ချမှတ်ခဲ့ပြီဖြစ်သည်။

ဆက်စပ် သတင်းများ