သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ဝန်ကြီးချုပ်ဟောင်းဦးညီပုနှင့်ဝန်ကြီးဟောင်းဦးမင်းအောင်တို့၏ ရွေးကောက်ပွဲဆိုင်ရာအမှုတွင် လိုပြသက်သေများကို ဖေဖော်ဝါရီ ၇ ရက်၌ စတင်စစ်ဆေးမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ ဇန်နဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 3.4k

ထက်အောင်
နိရဥ္စရာ၊ ဇန်နဝါရီ ၂၄/ ၂၀၂၂
ဇန်နဝါရီ ၁၉ ရက်က ထောင်ဒဏ် ၉ နှစ်ချမှတ်ခံထားရသည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်းဦးညီပုနှင့် ထောင်ဒဏ် ၇ နှစ်ချမှတ်ခံထားရသည့် စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်တို့၏ နောက်ထပ်စွဲဆိုခံထားရသည့် ရွေးကောက်ပွဲဆိုင်ရာအမှုတွင် လိုပြသက်သေများကို လာမည့်ဖေဖော်ဝါရီလ ၇ ရက်ရုံးချိန်း၌ စတင်စစ်ဆေးတော့မည်ဟု သိရသည်။
အဆိုပါဝန်ကြီးဟောင်း ၂ ဦးကို နောက်ထပ်စွဲဆိုထားသည့် ရွေးကောက်ပွဲဆိုင်ရာအမှုများနှင့်ပတ်သက်ပြီး ယနေ့ ဇန်နဝါရီလ ၂၄ ရက်နေ့ နံနက် ၁၁ နာရီခန့်က စစ်တွေမြို့နယ်တရားရုံးတွင် Video Conferencing စနစ်ဖြင့်ရုံးထုတ်ခဲ့ရာ လာမည့်ရုံးချိန်းမှစတင်ကာ လိုပြသက်သေများကို စစ်ဆေးတော့မည်ဟု တရားရုံးကအတည်ပြုလိုက်ကြောင်း အမှုကိုလိုက်ပါဆောင်ရွက်နေသည့် သဇင်ဥပဒေဆိုင်ရာအထောက်အကူပြုအဖွဲ့မှ အထက်တန်းရှေ့ ဦးဝင်းအောင်က ပြောသည်။
၄င်းတို့ ၂ ဦးတွင် တစ်ဦးလျှင် ၅၅ ရက်နှုန်းဖြင့် နှစ်ဦးစလုံးကို ရက်ပေါင်း ၁၁ဝ အတွင်း အပြီးသတ်စစ်ဆေးရန်လည်း အတည်ပြုလိုက်သည်ဟု ဆိုသည်။
“ပြီးခဲ့တဲ့ရုံးချိန်က ပြောခဲ့သလိုမျိုး တရားလိုဘက်ကို ၅၅ ရက်အတွင်း စစ်ဆေးမယ်၊ စွပ်စွဲခံရတဲ့ တရားခံဖက်ကို ၅၅ ရက်စစ်ဆေးသွားမယ်ဆိုတာကို ဒီနေ့ ရုံးချိန်းမှာ အပြီးသတ်အတည်ပြုလိုက်တာပါ” ဟု ပြောသည်။
ဦးညီပု၏သမီး မကြည်ကြည်ဦးက ဦးညီပုသည် နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)နှင့် တရားစွဲခံခဲ့ရသည့်အချိန်က မိသားစုအနေဖြင့် ဦးညီပုနှင့်တွေ့ခွင့်ရရန် စစ်တွေမြို့သို့ လာခဲ့သော်လည်း တွေ့ခွင့်မရခဲ့သည်ကတစ်ကြောင်း၊ ဂွမြို့မှ စစ်တွေမြို့သို့ သွားလာရန်အလှမ်းဝေးသည်ကတစ်ကြောင်းတို့ကြောင့် ယနေ့ရုံးချိန်း၌ မလာရောက်နိုင်ခဲ့ဟု ပြောသည်။
“ပထမပိုင်း အဖမ်းခံရတဲ့အချိန်ကတော့ မေမေတို့ တစ်ခေါက် လိုက်တယ်။ ဒါပေမယ့် ဖေဖေနဲ့ တွေ့ခွင့်မရခဲ့ပါဘူး။ ဒီနေ့ ရုံးချိန်းကိုလည်း လာချင်တယ်။ ဒါပေမယ့် တွေ့ခွင့်မရမှန်းကိုသိတဲ့အတွက် မလာဖြစ်ပါဘူး” ဟု ပြောသည်။
ဦးညီပုနှင့် ဦးမင်းအောင်တို့သည် ရွေးကောက်ပွဲဆိုင်ရာ မဲမသမာမှုကိစ္စရပ်များကို လုပ်ဆောင်ခဲ့သည်ဟုဆိုကာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့တွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၃၀(က)ဖြင့် ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဒုတိယညွှန်ကြားရေးမှူး ဦးသူရိန်ထွဋ်က တရားလိုလုပ်ကာ တရားစွဲဆိုခဲ့ကြောင်း သိရသည်။
ယင်းအနက် ဦးမင်းအောင်သည် ဦးညီပု၏ ရွေးကောက်ပွဲဆိုင်ရာ မဲမသမာမှုကိစ္စရပ်များကို အားပီးကူညီသည်ဟုဆိုကာ ပုဒ်မ ၁၀၉ ဖြင့်လည်း ထပ်မံတရားစွဲဆိုခံထားရကြောင်း သိရသည်။
ဦးညီပုနှင့် ဦးမင်းအောင်တို့သည် အခြားဝန်ကြီးဟောင်း ၃ ဦးနှင့်အတူ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ ဖြင့် ဇန်နဝါရီ ၁၉ ရက် နံနက်ပိုင်းတွင် စစ်တွေအကျဉ်းထောင်အထူးတရားရုံးက ထောင်ဒဏ်နှစ်ရှည် ချမှတ်ခံထားရသည်။
ယင်းသို့ချမှတ်ခံရမှုတွင် ဝန်ကြီးချုပ်ဟောင်းဦးညီပု၊ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးအောင်ကျော်ဇံ၊ ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီးဟောင်း ဦးကျော်အေးသိန်းတို့သည် အလုပ်နှင့် ထောင်ဒဏ် (၉)နှစ်စီချမှတ်ခံလိုက်ရပြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီးဟောင်း ဦးကျော်လွင်သည် အလုပ်နှင့် ထောင်ဒဏ် ၃ နှစ်နှင့် စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်သည် ထောင်ဒဏ် (၇)နှစ်ချမှတ်ခံလိုက်ရကြောင်း အမှုအားလိုက်ပါဆောင်ရွက်ပေးနေသည့် သဇင်ဥပဒေဆိုင်ရာအဖွဲ့အစည်းမှ တာဝန်ရှိသူက ပြောသည်။
ယင်းအပြင် ဦးညီပုတွင် နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ)နှင့်လည်း ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၈ ရက်တွင် စစ်တွေမြို့နယ်တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံထားရသည်။

ဆက်စပ် သတင်းများ