တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

သင်္ကြန်ကာလ ငပလီအပါအဝင် ရခိုင်ရှိ ဟိုတယ်အခန်းများ ဧပြီ ၁၇ ရက်အထိ ဘိုကင်ပြည့်နေပြီဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဧပြီ ၂၀၂၂
  • | ကြည့်ရှုသူ: 9.1k

မြထွီးသျှင်
နိရဥ္စရာ၊ ဧပြီ ၇/၂၀၂၂
သင်္ကြန်အားလပ်ရက်အတွက် ငပလီကမ်းခြေအပါအဝင် ရခိုင်မှ အခြားမြို့များရှိ ဟိုတယ်များမှအခန်းများသည် လာမည့် ဧပြီ ၁၇ ရက်အထိ ဘိုကင်ပြည့်နေပြီဖြစ်ကြောင်း သိရသည်။
ငပလီမြို့ရှိဟိုတယ်များတွင် လက်ရှိတွင်လည်း အပန်းခြေခရီးသည်များဖြင့် ပြည့်နှက်နေပြီဟု ငပလီဟိုတယ်ဇုန်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဒေါ်မာမာခင်က နိရဥ္စရာသို့ပြောသည်။
“ဒီဆယ်ရက်လောက်ကလေးပဲ ကျမတိို့ဧည့်သည်တွေရတာပေါ့နော်။ ပုံမှန်နှစ်တွေဆိုရင်လည်း သင်္ကြန်ဆိုရင် ကိုယ်ပိုင်ကားတွေနဲ့လာကြတာများပါတယ်” ဟု ပြောသည်။
ငပလီမြို့ရှိ ဟိုတယ်များတွင် ပြီးခဲ့သည့်မတ်လက ခရီးသွားများလာရောက်မှုမှာ ခရီးသည်လုံးဝမရှိသည့်အခြေအနေများသို့ပင်ရောက်ခဲ့ပြီး ဟိုတယ်နှင့် ဝန်ထမ်းများအတွက်လည်း အခက်အခဲများဖြစ်ပေါ်ခဲ့သည်ဟု သူမက ဆက်ပြောသည်။
ငပလီကမ်းခြေသို့လာရောက်လည်ပတ်သူများအထဲတွင် ရန်ကုန်ဘက်မှ ဧည့်သည်များပိုများပြီး လက်ရှိတွင် မန္တလေး-ငပလီတိုက်ရိုက်လေယာဉ်များပြေးဆွဲနေသဖြင့်လည်း မန္တလေး၊ မူဆယ်ဘက်တို့မှ ဧည့်သည်များလည်း လာရောက်လည်ပတ်မှုရှိကြောင်း ဒေါ်မာမာခင်က ပြောသည်။
အလားတူ စစ်တွေမြို့ရှိ ဟိုတယ်နှင့် တည်းခိုခန်းများလည်း သင်္ကြန်အားလပ်ရက်အတွင်း အခန်းဘိုကင်များပြည့်နေပြီဖြစ်ကာ ပြည်မဘက်မှလာရောက်လည်ပတ်သူများ များပြားနေကြောင်း ရွှေသဇင်ဟိုတယ်မှ တာဝန်ရှိသူတစ်ဦးက နိရဥ္စရာသို့ပြောသည်။
“သင်္ကြန်တွင်းမှာတော့ အခန်းဘိုကင်ပြည့်နေတာတွေရှိတယ်။ အရင်ရက်တွေကတော့ ဧည့်သည်က တောက်လျှောက်ငြိမ်နေတာမျိုးတော့ မဟုတ်ဘူး။ သင်္ကြန်မှာတော့ ရန်ကုန်ကလာမဲ့သူတွေ ကြိုတင်ဘိုကင်ခံထားတာတွေရှိတယ်” ဟုပြောသည်။
ထို့အပြင် သင်္ကြန်အတွင်း ရခိုင်သို့လာရောက်လည်ပတ်သူများပြား၍ လေယာဉ်စီးရေများ ထပ်တိုးပြေးဆွဲနေရကာ ဧပြီလ ၉ ရက်၊ ၁၈ ရက်နှင့် ၁၉ ရက်တို့အတွက် လေယာဉ်လက်မှတ်များကုန်နေပြီဖြစ်ပြီး အခြားရက်များအတွက်လည်း ကုန်သလောက်ဖြစ်နေပြီဖြစ်ကြောင်း လေယာဉ်လက်မှတ်အရောင်းဌာနများမှ သိရသည်။
ရခိုင်တွင် စစ်ဘေးနှင့် ကိုဗစ်ကပ်ဘေးတို့ကြောင့် ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ပြည်မနှင့် ပြည်ပဘက်မှ ခရီးသွားလာရောက်လည်ပတ်မှုအားနည်းခဲ့ခြင်းကြောင့် ဟိုတယ်နှင့်တည်းခိုခန်းတို့မှာ လုပ်ငန်းလည်ပတ်ရန် အခက်အခဲများရှိခဲ့ကြောင်း သိရသည်။
ယခု ၂၀၂၂ ခုနှစ်တွင် ရခိုင်၌ သင်္ကြန်ပွဲတော်ကို စည်စည်ကားကားကျင်းပသွားမည်ဟုလည်း သိရသည်။
ဓာတ်ပုံ - ငပလီကမ်းခြေအား တွေ့ရစဉ်။

ဆက်စပ် သတင်းများ