တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

ထိုင်းသို့ အလုပ်လုပ်ရန်ပို့ဆောင်ပေးမည်ဟုဆိုကာ ကျပ်သိန်း ၁၇ဝ လိမ်လည်ခံရမှု ရခိုင်အမျိုးသားကွန်ရက်သို့တိုင်တန်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ ဧပြီ ၂၀၂၂
  • | ကြည့်ရှုသူ: 9.8k

သဥ္ဇာနွယ်
နိရဥ္စရာ၊ ဧပြီ ၈ / ၂၀၂၂
ထိုင်းနိုင်ငံသို့ အလုပ်လုပ်ရန်ပို့ဆောင်ပေးမည်ဟုဆိုကာ ကျပ်သိန်း ၁၇ဝ လိမ်လည်ခံရမှုကို ကူညီဖြေရှင်းပေးရန် နစ်နာသူများက ရန်ကုန်ရှိ ရခိုင်အမျိုးသားကွန်ရက်ရုံးသို့ လာရောက်တိုင်တန်းလာကြသည်ဟု သိရသည်။
ငွေလိမ်လည်ခံရသူများမှာ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် ၁၈ ရပ်ကွက် ကျောင်းလမ်းရှိ အဆောင်တွင်နေထိုင်သူ ၁ဝ ဦးဖြစ်ပြီး ရခိုင်ပြည်နယ် ပေါက်တော၊ ရသေ့တောင်၊ မင်းပြား၊ သံတွဲနှင့် ကျောက်ဖြူမြို့နယ်တို့မှ ဖြစ်သည်ဟု သိရသည်။
ငွေလိမ်လည်သွားသူဟုစွပ်စွဲခံရသူမှာ ၄င်းတို့နှင့်အတူ အဆောင်တစ်ဆောင်တည်းနေသည့် ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာအုပ်စု ရင်းဒါးကျေးရွာမှ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်သည်ဟု လိမ်လည်ခံရသူများ၏ ဧပြီလ ၇ ရက်ကတိုင်ကြားလာသည့် တိုင်ကြားစာတွင် ဖော်ပြထားသည်။
သူမသည် ၄င်းတို့ ၁ဝ ဦးကို ပြီးခဲ့သည့် မတ်လ ၁၃ ရက်တွင် ထိုင်းသိ့ုသွားရမည်ဟုဆိုပြီး တစ်ဦးလျှင် ကျပ် ၁၇ သိန်းစီဖြင့် ကျပ်သိန်း ၁ရဝ ယူဆောင်၍ မတ်လ ၁၂ ရက်မှစတင်ကာ အဆက်သွယ်ဖြတ်တောက်သွားခဲ့သည်ဟု လိမ်လည်ခံလိုက်ရသူများက ပြောသည်။
ငွေလိမ်ခံလိုက်ရသူတစ်ဦးဖြစ်သည့် မခင်မာချိုက "ကျမတို့အလိမ်ခံလိုက်ရတဲ့လူအားလုံးက မရှိဆင်းရဲလို့ သူများဆီကချေးငှားပြီး အတိုးနဲ့ ပေးဆပ်လိုက်ရတယ်။ သူလိမ်သွားလို့ အခုဆိုရင် ဒုက္ခရောက်နေကြပြီ။ တော်တော်လေးကိုခံစားရပါတယ်။ ကျမပြောချင်တာက အယုံမလွယ်ပါနဲ့။ အခုလို ယုံစားမိလို့ ကျမတို့ဒုက္ခရောက်သွားတာ"ဟု ပြောသည်။
ယခုကဲ့သို့ လိမ်လည်သွားသည့်ငွေအား ပြန်လည်တောင်းရန်အတွက် လိမ်လည်သွားသူဟုဆိုသူ၏ရွာသို့သွားရောက်ပြောဆိုခဲ့သော်လည်း ၄င်း၏မိဘများကသိရှိခြင်းမရှိဟု ပြောဆိုခဲ့သည့်အကြောင်းကိုလည်း တိုင်ကြားစာတွင် ထည့်သွင်းရေးသားထားသည်။
ယခုကိစ္စမှာ တရားဝင်မှတ်ပုံတင်ထားသည့် အလုပ်ရှာဖွေရေးအေဂျင်စီများဖြင့်လုပ်ကိုင်ခြင်းမဟုတ်သည့်အတွက် အကူအညီပေးရာတွင် အနည်းငယ် အခက်အခဲရှိနေကြောင်း ရခိုင်အမျိုးသားကွန်ရက်ဥက္ကဋ္ဌ ကိုတင်ထူးအောင်က ပြောသည်။
"ကျနော်တို့ဒါကိုကူညီဖို့ဆိုရင် အခက်ခဲနဲနဲရှိတယ်။ ဘာလို့လဲဆိုတော့ တရားဝင်မှတ်ပုံတင်ထားတဲ့ အေဂျင်စီတွေမဟုတ်လို့။ ဒါပေမယ့် ကျနော်တို့ဆီကို လာတိုင်ရင် တတ်နိုင်တဲ့ဘက်ကနေ ကူညီဆောင်ရွက်ပေးသွားမှာပါ"ဟု ပြောသည်။
ရခိုင်မှ ပြည်ပသို့ထွက်ခွာအလုပ်လုပ်ရခြင်းမှာ ရခိုင်တွင်အလုပ်အကိုင်ရှားပါးခြင်း၊ ဒေသအတွင်းမဖွံ့ဖြိုးခြင်းနှင့် ပြည်ပသို့သွားရောက်သူများမှာ ပညာရေးအရသော်လည်းကောင်း မပြည့်စုံခြင်းကို အသုံးချကာ လိမ်လည်မှုဖြစ်ပွားပြီး ယခုကဲ့သို့လိမ်လည်မခံရအောင် သက်ဆိုင်ရာအလုပ်သမားဌာနများနှင့်ချိတ်ဆက်ခြင်းများပြုလုပ်သင့်သည်ဟု ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်းဒါရိုက်တာ ဦးခိုင်ကောင်းစံက ပြောသည်။

ဆက်စပ် သတင်းများ