သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

တရုတ်နိုင်ငံတွင်ဖမ်းဆီးခံရသည့် ရခိုင်လူမျိုး ၁၄ဦးယူနန်ပြည်နယ် နယ်စပ်စစ်ဆေးရေးစခန်းတစ်ခုတွင် ၄လကျော်ကြာ ပိတ်မိနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 3.9k


နိရဉ္စရာ/မေ ၂၈ရက်၊ ၂၀၂၂
တရုတ်နိုင်ငံ ကွန်တုံးပြည်နယ်တွင် ဖမ်းဆီးခံခဲ့ရသည့် ရခိုင်လူမျိုး ၁၄ဦးသည် ယူနန်ပြည်နယ် နယ်စပ်စစ်ဆေးရေးစခန်းတစ်ခုသို့ အပို့ခံရပြီးနောက် အမှု စစ်ဆေးခံရခြင်းမရှိဘဲ ၄လကျော်ကြာပိတ်မိနေသည်ဟု ရှမ်းပြည်နယ် မိုးမိတ်မြို့ခံ မအေးမိုးကနိရဉ္စရာသတင်းဌာနကို ပြောဆိုသည်။
မမိုးအေးသည် အဖမ်းခံထားရသည့် ရခိုင်လူမျိုး ၁၄ ဦးနှင့်အတူ လုံးရန် ဘိန်းဖြတ်စခန်းတွင် ခုနှစ်လကျော်ကြာ ထိန်းသိမ်းခံထားရာမှ များမကြာမီက ပြန်လွတ်လာသူဖြစ်သည်။
သူမက “ လုံးရန်ဘိန်းဖြတ်စခန်းက ယူနန်ပြည် ပေါက်စန်းမြို့မှာရှိတာပါ။ အဖမ်းခံရပြီး မြန်မာ နိုင်ငံသားတွေကို ထိန်းသိမ်းထားတဲ့စခန်းပါ။ နာမည်က လုံရန်ဘိန်းဖြတ်စခန်းလို့ နာမည်ရပေမယ့် ဘိန်းသုံးစွဲတဲ့သူတွေကို ထားတာ မဟုတ်ဘူးရှင်။ မြန်မာပြည်ကို ပြန်ပို့မယ့်သူတွေကို အဲဒီမှာထားတာပါ။ အဲဒီမှာ ရခိုင်လူမျိုး ၁၄ ဦးက ပြန်ပို့မခံရဘဲ လေးလကြာပိတ်မိနေပါတယ်ရှင်” ဟု ပြောဆိုသည်။
၎င်းရခိုင်လူမျိုး ၁၄ ဦးသည် ကွမ်တုံးပြည်နယ်တွင် အထောက်အထား အတုနှင့် ဖမ်းမိပြီးနောက် တရုတ်ရဲများက ၂၀၂၂ ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ဘိန်းဖြတ် စခန်းကို ပို့လိုက်ခြင်းဖြစ်သည်ဟု သိရသည်။
ပိတ်မိနေသူ ၁၄ အထဲတွင် ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် သဝင်းကိုင်း ကျေးရွာအုပ်စု ရွှေလှိုင်ကျေးရွာမှ ဦးမောင်ဖိုးကျော်၏ သမီးမသန်းဝင်း၊ ၎င်းရွှေလှိုင်ကျေးရွာမှ ဦးမောင်ထွန်းညို သား မောင်လှသန်း၊ ပုဏ္ဏားကျွန်းမြို့ နယ် ယိုးငူကျေးရွာမှ ဦးမောင်ကျော်မြ၏သား မောင်စံရွှေမြ၊ ၎င်းယိုးငူကျေးရွာမှ ဦးလှထွန်း၏ သမီးမခိုင်နုမေနှင့် ဦးလှစိန်အောင်၏ သမီးနှစ်ဦးဖြစ်ကြသည့် ဒေါ်ဌေးဌေးဦးနှင့် မသန်းဌေးဝင်းတို့ပါဝင်သည်။
ကျန် ၈ဦး၏အမည်ကို လိပ်စာရေးပေးရန်အချိန်မရသဖြင့် မပို့ပေးနိုင်ဟု မအေးမိုးကပြောသည်။
“ ကျန် ၈ ဦးရဲ့ နာမည်ကို အချိန်မရတဲ့ အတွက်မပို့ပေးတော့ဘူး။ သူတို့ ၁၄ ဦး ကွမ်းတုံးပြည်နယ်က ထောင်ထဲမှာ ဘယ်နှစ်ရက်ဆိုလည်းမသိဘူးပေါ့နော်။ အဲဒီနေ့ကနေ သူတို့ကို ကျွန်မတို့ကိုချုပ်ထားတဲ့ ပေါက်စန်း လုံးရန်ဘိန်းဖြတ် စခန်းကို ရဲတွေကပို့လိုက်တာလို့ပြောတယ်။ အစကတော့ ကျွန်မလည်းမသိဘူး။နောက်ပိုင်း သူတို့ပြောတော့ သိရတာပါ။ ကျွန်မကိုသူတို့က ငိုပြီးတော့ အကူအညီတောင်းတော့ ကျွန်မကရဲတွေကို သွားမေးပေးတယ်။ သူတို့ကို ပို့လိုက်တဲ့ရဲတွေက ဘာအထောက် ထားမှမအပ်ခဲ့ဘူး။ ဒီကရဲတွေကိုပေါ့။ ဒီအတိုင်းပဲ လူသက်သက်လာပို့သွားတယ်လို့ ရဲကပြောတယ်”ဟု သူမက ဆက်လက် ပြောသည်။
၎င်းတို့ ၁၄ ဦးသည် ၄ လကြာသည့်တိုင်အောင် စစ်ဆေးမခံရဘဲ ရှိနေသည်ဟု သိရသည်။
“သူတို့ရဲ့အခြေအနေက ဘယ်လိုလည်းကျွန်မကသွားမေးတော့ မြန်မာပြည်က လူတွေအားလုံးက ဖောင်ဖြည့်ပြီးကြပြီ။ ဒါပေမဲ့သူတို့ ၁၄ ဦးက လုံးဝ မဖြည့် ရသေးဘူး။ သူတို့ကို လာအပ်တဲ့ ရဲတွေက စာရွက်စာတန်းတွေ မအပ်ထားခဲ့ဘူး။ ဒါပေမဲ့ မကြာခင်မှာသူတို့ကို လာအပ်တဲ့ရဲတွေ အမှုစစ်လိမ့်မယ် လို့ပြောတယ်။အဲဒီ လာအပ်တဲ့ ရဲတွေကလာလုပ်ပေးမှ ငါ့တို့ကလုပ်လို့ရမှာလို့ ဘိန်ဖြတ် စခန်းက ရဲတွေ ပြောပါတယ်။ဒါပေမဲ့ စိတ်မပူနဲ့ မကြာခင်မှာ ပြန်လွတ်မယ် ဆိုပြီးတော့ ရဲတစ်ယောက်ကျွန်မကို ပြောပါတယ်။”ဟု ပြောသည်။
၎င်းတို့ ၁၄ ဦးသည် မိသားစုများနှင့် အဆက်အသွယ်ပြတ်တောက်နေသည်ဟု သူမက ပြောသည်။ (NN-11)

ဆက်စပ် သတင်းများ