- Web Master
- ၂၉ သြဂုတ် ၂၀၂၄
နိရဉ္စရာ၊ ဇူလိုင် ၁၄/၂၀၂၂
လူဦးရေ ၆၀ ကျော်ရှိသည့် အမ်းမြို့ ၊ ပဲပဒုံ စစ်ဘေးရှောင်စခန်းတွင် အစိုးရအပါအဝင် တခြား အလှူရှင်များနှင့် လူမှုအဖွဲ့အစည်းများမှ ထောက်ပံ့မှုမရှိသည့်အတွက် ဆန်ရိက္ခာလုံး၀ပြတ်သွားပြီး အကြွေးဝယ်နေရသည်ဟု စခန်းတာဝန်ခံက ပြောသည်။
“လုံး၀ပြတ်ထွက်သွားလို့ မနေ့က ကျွန်တော် ဆန်ဆိုင်တွေမှာသွားပြီး ဆန် (၁၀) အကြွေးဝယ်ပြီး ပေထားရတာပေါ့နော်။ ပရဟိတ လူမှု အဖွဲ့တွေကိုလည်း ကျွန်တော်ဆက်သွယ်ပြီး ရိက္ခာပြတ်နေပြီ ဆိုတဲ့ အကြောင်းတွေ ပြောထားတယ်” ဟုစခန်းတာဝန်ခံ ကိုသန်းချိုက ပြောသည်။
ယခုကဲ့သို ရိက္ခာပြတ်သွားရခြင်းမှာ အစိုးရအပါအဝင် တခြားမည်သည့်အဖွဲ့အစည်းမှ ထောက်ပံ့မှု မရှိသလို ဒုက္ခသည်များမှာလည်း စခန်းထဲတွင်သာနေရပြီး အပြင်ထွက် အလုပ်မလုပ်နိုင်ခြင်းကြောင်း ဖြစ်သည်ဟု ကိုသန်းချိုက ယခုကဲ့သို့ ဆက်ပြောသည်။
“သူတို့မှာ အပြင်ကအထောက်အပံ့လည်းမရှိတော့ အားလုံးအခက်အခဲဖြစ်သွားတယ်။ အရင်က ယောင်္ကျားတွေ ဆောက်လုပ်ရေးအလုပ်တွေမှာ ဝင်လုပ်တယ်။ တောင်တက်ထင်းခုတ်၊ ဝါးခုတ်ပြီး အမျိုးသမီးတွေဖျာရက်တာတွေ လုပ်လို့တယ် အခုက မိုးရာသီကျတော့ ဒါတွေလုပ်လို့ အဆင်မပြေ။ မိုင်းတွေလည်း မကြာခဏ ပေါက်နေတော့ တောထဲတောင်ထဲ ဘယ်သူမှ မသွားရဲဘဲ ဖြစ်နေတယ်”
အဆိုပါ ပဲပဒုံ ဒုက္ခသည်စခန်းတွင် အိမ်ထောင်စု ၁၄ စုနှင့် လူဦးရေ ၆၄ ဦးရှိကြောင်း သိရှိရသည်။
၂၀၂၁ နှစ်တွင် ဘေးစီမံဌာနမှ ထောက်ပံ့မှုတချို့ရှိခဲ့သော်လည်း ၂၀၂၂ ခုနှစ်အတွင်း ဖေဖော်ဝါရီနှင့် မေလတွင် တစ်ကြိမ်စီသာ ထောက်ပံ့မှု ရရှိခဲ့သည်ဟုဆိုသည်။
၂၀၂၁ ဇွန်လမှစပြီး အလှူရှင်များနှင့် လူမှုအဖွဲ့အစည်းများမှာလည်း ပဲပဒုံစစ်ရှောင်စခန်းသို့ လာရောက်လှူဒါန်း ထောက်ပံ့မှု ရပ်သွားခြင်းဖြစ်သည်ဟုလည်း ကိုသန်းချိုက ပြောသည်။
လက်ရှိတွင် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFPမှ တစ်လအတွက် တစ်ဦးလျှင် ကျပ် ၁၈၀၀၀ ထောက်ပံ့သော်လည်း အဆိုပါငွေမှာ မီးဖိုချောင်သုံးပစ္စည်းများအတွက်တောင် လောက်ငှမှုမရှိသည့်အတွက် ကျန်းမာရေးမကောင်းသူများမှာ ပိုပြီး ဒုက္ခရောက်နေရကြောင်းလည်း ကိုသန်းချိုမှ ပြောဆိုသည်။