တနင်္ဂနွေ၊ စက်တင်ဘာလ ၂၂ရက်၊ ၂၀၂၄

ရန်ကုန်နှင့် မန္တလေးတွင် စက်သုံးဆီတစ်လီတာ ကျပ် ၁၇ဝဝ သို့ကျဆင်းသွားသော်လည်း ရခိုင်တွင် ၁၈ဝဝ ကျော်မှ ၃ ထောင်ကျော်အထိ ရောင်းချနေကြဆဲ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 10.1k

နိရဥ္စရာ၊ ဇူလိုင် ၁၆ / ၂ဝ၂၂
ရန်ကုန်နှင့် မန္တလေးမြို့များတွင် ယနေ့ စက်သုံးဆီတစ်လီတာလျှင် ကျပ် ၁၇ဝဝ သို့ကျဆင်းသွားပြီဖြစ်သော်လည်း ရခိုင်တွင် တစ်လီတာလျှင် ၁၈ဝဝ ကျော်မှ ၃ ထောင်ကျော်အထိ ရောင်းချနေကြဆဲဟု ဝယ်ယူသုံးစွဲသူများက ပြောသည်။
ရန်ကုန်တွင် ယနေ့ ဇူလိုင်လ ၁၆ ရက်၌ 92 တစ်လီတာလျှင် ကျပ် ၁၇ဝဝ၊ 95 တစ်လီတာလျှင် ၁၇၄၅ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာလျှင် ၂၁၉ဝ ကျပ်နှင့် မန္တလေးတွင် 92 တစ်လီတာလျှင် ၁၇၄၅ ကျပ်၊ 95 တစ်လီတာလျှင် ၁၇၉၅ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာလျှင် ၂၂၃၅ ကျပ် အသီးသီးစျေးရှိကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်မှုကော်မတီက စစ်ကောင်စီပိုင်သတင်းစာများတွင် ထုတ်ပြန်ကြေညာထားသည်။
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် 95 တစ်လီတာကို ကျပ် ၂၈၀၀ နှင့် ၃ ထောင်အကြားတွင် ဝယ်ယူနေကြသည့်အတွက် ယခုကဲ့သို့ စျေးနှုန်း အဆမတန်ကွာခြားမှုသည် လုံးဝမဖြစ်သင့်ဟု မာန်အောင်မြို့ခံ ကိုစိုးညီက ပြောသည်။
“တခြားမြို့မှာ စျေးကျရင် မာန်အောင်မှာလည်း ကျဖို့လိုတယ်။ ဒေသခံအများကြီးမှာ ဓာတ်ဆီလိုအပ်နေရင် ဘယ်စျေးနှုန်းနဲ့ဖြစ်ဖြစ် ထည့်ပြီးသုံးစွဲနေရတယ်။ ဆီစျေးကျအောင်လုပ်ချင်ရင် နယ်ဘက်ဒေသတွေမှာလည်း ကျအောင် ထိထိရောက်ရောက်လုပ်ပေးစေချင်တယ်” ဟု ပြောသည်။
ရခိုင်ပြည်နယ်မှ မြို့နယ်အများစုတွင်လည်း စက်သုံးဆီစျေးနှုန်းများသည် ယခင်အတိုင်းရှိနေပြီး အချို့နယ်များတွင်ဆိုလျှင် စက်သုံးဆီတစ်လီတာလျှင် ကျပ် ၃ ထောင်ကျော်အထိ ပေးဝယ်နေရကြောင်း မောင်တောဒေသခံ ကိုလွင်အေးက ပြောသည်။
“ကျနော်ဒီနေ့မနက်ကထည့်လာတယ်။ ၉၅ ဓာတ်ဆီ တစ်လီတာကို ၂၆၀၀ ပေးခဲ့ရတယ်။ ကျေးရွာတွေမှာတော့ ၃၅၀၀ အထိ စျေးရှိတယ်လို့ ပြောကြတယ်” ဟု ပြောသည်။
စစ်တွေမြို့တွင်ဆိုလျှင် ယနေ့ ဇူလိုင်လ ၁၆ ရက်တွင် 92 တစ်လီတာလျှင် ကျပ် ၁၈၄ဝ၊ 95 တစ်လီတာလျှင် ကျပ် ၁၈၉ဝ ရှိကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်မှုကော်မတီက စစ်ကောင်စီပိုင်သတင်းစာများတွင် ထုတ်ပြန်ကြေညာထားသည်။
စစ်တွေရှိ အရောင်းဆိုင်ကြီးအချို့မှအပ ကျန်မြို့များနှင့် နယ်ဘက်များတွင် စျေးနှုန်းမြှင့်တင် ရောင်းချနေကြဆဲဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ဘူးသီးတောင်မြို့ခံ ကိုအောင်ချေကလည်း “ဘူးသီးတောင်မှာက တစ်လီတာ ၂၅ဝဝ ကနေ ၃ ထောင်ကြားရှိတယ်။ ဒီမှာက ပစ္စည်းတစ်ခု စျေးတက်သွားရင် မကျတော့ဘူး”ဟု ပြောသည်။
အလားတူ တောင်ကုတ်မြို့ရှိ စက်သုံးဆီအရောင်းဆိုုင်ကြီးအချို့တွင် ယနေ့ 92 တစ်လီတာလျှင် ကျပ် ၁၈ဝဝ ကျော်၊ 95 တစ်လီတာလျှင် ကျပ် ၁၉ဝဝ ကျော်၊ ဒီဇယ် တစ်လီတာလျှင် ကျပ် ၂၂ဝဝ ကျော်နှင့် ပရီမီယမ်ဒီဇယ်တစ်လီတာလျှင် ကျပ် ၂၃ဝဝ ကျော်ဖြင့်ရောင်းချနေသော်လည်း ပြင်ပဆိုင်ငယ်များတွင် ကျပ် ၂ ထောင်ကျော်မှ ၃ ထောင်ကြား ရောင်းချနေသည်ဟု မြို့ခံတစ်ဦးက ပြောသည်။
ယင်းအပြင် ကျောက်တော်မြို့နယ်တွင်လည်း တစ်လီတာလျှင် ကျပ် ၂၅၀၀ အထက်တွင်သာရှိနေသေးသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
ရန်ကုန်၊ မန္တလေး၊ နေပြည်တော်စသည့်မြို့ကြီးများတွင် စက်သုံးဆီစျေးနှုန်းကျဆင်းနေသော်လည်း ရခိုင်တွင် စျေးနှုန်းမြင့်တက်နေဆဲဖြစ်သည့်အတွက် လူမှုစာမျက်နှာများတွင် ဝေဖန်မှုများလည်း မြင့်တက်လျက်ရှိနေသည်။
ကျောက်ဖြူမြို့ ဒေသခံတစ်ဦးကလည်း “ဓာတ်ဆီစျေးနှုန်းကျဆင်းတယ်လို့ သတင်းတက်လာလို့ ဓာတ်ဆီသွားထည့်တာ ၉၅ တစ်လီတာကို ၂၈၀၀ ပေးခဲ့ရတယ်”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်ပထမလှိုင်းအတွင်း ဓာတ်ဆီ တစ်လီတာကို ကျပ် ၆၀၀ မှ ၇၀၀ ကြားအထိ ရှိခဲ့သော်လည်း အာဏာသိမ်းပြီးနောက် စျေးနှုန်းအဆမတန် မြင့်တက်သွားခဲ့သည့်အတွက် လက်လုပ်လက်စားများနှင့် စက်သုံးဆီသုံးစွဲရသည့်ပြည်သူများတွင် အခက်အခဲများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
စက်သုံးဆီသုံးစွဲသူများအနေဖြင့် စက်သုံးဆီဝယ်ယူသုံးစွဲရာတွင်ကျေနပ်မှုမရှိပါက စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်မှုကော်မတီ၏ ဖုန်း - 09-699611116, 09-440433533, 067-411129, 067-409881 တို့ထံ သတင်းပေးတိုင်ကြားနိုင်ကြောင်း ထုတ်ပြန်ထားသည်။ (NN-6)
(Narinjara သတင်းနှင့် ရုပ်သံများကို အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။)
အင်္ဂလိပ်သတင်း - www.narinjara.com
မြန်မာသတင်း - https://burmese.narinjara.com/
သတင်းဖေ့စ်ဘုတ်ပေ့ချ် - https://www.facebook.com/narinjara.info/
ရေဒီယိုသတင်း - https://www.facebook.com/Narinjara-Radio-107181441819656

ဆက်စပ် သတင်းများ