ဗုဒ္ဓဟူး၊ မေလ ၈ရက်၊ ၂၀၂၄

စစ်ကောင်စီတပ်က ကားလမ်းပေါ်စီတန်းသွားလာ၍ အင်အားပြ၊တိုက်ပွဲဖြစ်မည်ကိုဒေသခံများစိုးရိမ်ကြရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 548

နိရဉ္စရာ၊ ဇူလိုင် ၂၀/၂၀၂၂
စစ်တွေမြို့ အဝင် ရန်ကုန်-စစ်တွေ အဝေးပြေးကားလမ်းဘေးတွင် တည်ရှိသည့် ပုဏ္ဏားကျွန်းမြို့နယ် ကွမ်းတောင်ကျေးရွာအနီးတွင်တပ်စွဲထားသည့် စစ်တပ်သည် ပုံမှန်မဟုတ်သည့် စစ်ရေး လှုပ်ရှားမှု များနှင့်အတူ ရွာထဲကကားလမ်းပေါ်တွင် လက်နက်ကြီးများကိုထမ်း၍ စစ်ရေးအင်အား ပြနေသဖြင့် ကျေးရွာသားများမှာ အလုပ်အကိုင် ပျက်ဖြစ်နေပြီး တိုက်ပွဲ ဖြစ်မည်ကိုလည်း စိုးရိမ်နေရသည်ဟု ဒေသခံများက ပြောသည်။
"သူတို့က တခါတခါ အင်အား ၅၀၊ ၁၀၀ ကျော်လောက်နဲ့ကို အခုဆိုရင်နေ့တိုင်း ရွာကိုလှည့်တယ်၊ လက်နက်တွေကလည်းအပြည့်အစုံ၊ အာရ်ပီဂျီ၊ စက်လက် တွေလည်း ပုခုံးပေါ်တင်ပြီးတော့။ ရွာသားတွေကတော့ တိုက်ပွဲဖြစ်မှာကို စိုးရိမ်နေကြတယ်။ တိုက်ပွဲဖြစ်ရင် ရွာသားတွေအေးချမ်းမှာ မဟုတ်ဘူးလေ။ အခုဆိုရင်လည်း ရွာသားတွေက စစ်သားတွေနဲ့မတွေ့ရအောင် ရှောင်ပြီး နေနေကြတာ" ဟုပြောသည်။
၎င်းစစ်ကြောင်းသည် အင်အား ၆၀ ခန့်ပါပြီး ကွမ်းတောင်ကျေးရွာအနီးရှိ ရထားဘူတာရုံတွင် တပ်စွဲထားသည်မှာ တစ်နှစ်ကျော်ကြာနေပြီဖြစ်ကြောင်း၊ ရက္ခိုင့်တပ်တော် (AA) ရှိသည့် နေရာကိုလည်းမသွားရဲဘဲ ရွာအတွင်းသို့ လက်နက်အင်အားအပြည့်အစုံဖြင့် နေ့တိုင်းလိုလို ဝင်ရောက် လှည့်လည်ပြီး အင်အားပြသမှုများပြုလုပ်နေသဖြင့် အရပ်သားများအနေဖြင့် စိုးရိမ်နေရသည်ဟု ၎င်းက ပြောဆိုသည်။
“ သူတို့က တပ်မတော်တစ်ရပ်ဘဲ။ အေအေ ဘယ်မှာရှိတယ်ဆိုတာ ကောင်းကောင်းသိတာပေါ့။ အေအေရှိတဲ့ နေရာကျတော့ မသွားရဲဘူး။ ပြည်သူတွေကို အင်အားပြလို့ ဘာထူးမှာလဲ” ဟု ၎င်းက ဆိုသည်။
၎င်းပြင် ယင်းစစ်ကြောင်း စခန်းချထားရာနေရာတွင် လက်နက်ကြီးများကို အသင့်အနေအထား ထားရှိမှုများလည်းရှိနေပြီး ထို့သို့ပြင်ဆင်နေမှုများကြောင့် ကျေးရွာသားများမှာ တိုက်ပွဲ ဖြစ်မည်ကို ပို၍ စိုးရိမ်နေကြကြောင်း ကွမ်းတောင် ကျေးရွာဒေသခံတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၂ ရက်နေ့မှ စတင်ကာ ရွာအတွင်းသို့ စစ်အင်အား အများပြားဖြင့် အင်အား ပြမှုများကို ယနေ့ဇူလိုင်လ ၂၀ ရက်နေ့အထိ နေ့တိုင်းနီးပါး ပြုလုပ်နေကြောင်း၊ သို့သော်လည်း ဒေသခံများအား အစစ်အဆေးပြုလုပ်မှု၊အနှောင့်အယှက်ပေးမှု တစ်စုံတစ်ရာ မရှိသေးကြောင်း ဒေသခံများကပြောသည်။
စစ်တွေမြို့အနီး နာမည်ကြီး ကြက်ကင်ဆိုင်များတည်ရှိရာ ကွမ်းတောင် ရွာတွင်လည်း ယခုကဲ့သို့ အခြေအနေများကြောင့် ယခင်ကကဲ့သို့ အဆင်ပြေပြေမရောင်းချနိုင်ဘဲ အချိန်အခါကိုကြည့်၍ ရောင်းချနေရ၍ စီးပွားရေး ထိခိုက်နေကြောင်း နောက်ထပ် ဒေသခံတစ်ဦးကပြောသည်။
" သူတို့တွေက အဲလိုလုပ်ပြနေတော့ ရွာသားတွေကလည်း ကြောက်နေကြတယ်၊ အပြစ်မရှိတဲ့သူတွေ အဖမ်းခံရမှာကို။ ကြက်ကင်ဆိုင် တွေဆိုရင်လည်း ပုံမှန်အတိုင်းမရောင်းရဲဘူး၊ စောစောပိတ်ရတယ်။ သူတို့ (စစ်တပ်) က ကြက်ကင်ဆိုင်တွေရှိတဲ့ လမ်းမဘေးက အပင်တွေကိုလည်း ခုတ်တယ်၊ နောက်ပြီးတော့ထင်းခြောက်လှန်းကြတာတွေလည်း လုပ်နေကြတယ်" ဟုပြောသည်။
ယခုရက်သတ္တပတ်အတွင်း ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာစစ်တို့အကြား စစ်ရေးတင်းမာမှုများရှိနေပြီး စစ်ကောင်စီဘက်ကလည်း စစ်အင်အားတိုးချဲ့မှုများဆောင်ရွက်နေသလို အေအေဘက်ကလည်း အသင့်အနေအထားဖြင့် ပြင်ဆင်မှုများရှိနေသည်ဟု သတင်းရရှိသည်။
(NN-8)
(ဓာတ်ပုံ-ယခင်ပုံဟောင်း)

ဆက်စပ် သတင်းများ