စနေ၊ မေလ ၁၈ရက်၊ ၂၀၂၄

ရခိုင် မြို့နယ် ၂ခုမှ အနည်းဆုံး အိမ်အလုံး (၃၀) ကျော်ကို စစ်ကောင်စီတပ်က အင်အားသုံးဖြိုဖျက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ စက်တင်ဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 280

နိရဉ္စရာ၊ စက်တင်ဘာ ၂၈/၂၀၂၂

ရခိုင်ပြည်နယ်မှ သံတွဲမြို့နယ် ဂျိုင်သာရွာမှ အိမ်( ၂၀)လုံးနှင့်  စစ်တွေမြို့ မင်းဂံရပ်ကွက်မှ အနည်းဆုံး (၁၀)လုံးတို့ကို စစ်ကောင်စီတပ်က အင်အားသုံး ဖြိုဖျက်ခဲ့ကြောင်း သတင်းရရှိသည်။

သံတွဲမြို့နယ် ဂျိုင်သာရွာကျေးရွာမှ လက်ကျန် နေအိမ် (၂၀) လုံးကို ရေတပ်မြေပေါ်တွင် ကျူးကျော်နေထိုင်သည်ဟုဆိုကာ ယနေ့ ဖြိုဖျက်ခဲ့ခြင်းဖြစ်ပြီး စစ်တွေမြို့ မင်းဂံရပ်ကွက်၊ အကွက်၁၀ မှ အိမ် (၁၀) လုံးထက်မနည်းကိုလည်း စစ်ကောင်စီတပ်က တပ်ပိုင်မြေနှင့် မလွတ်ဟုဆိုကာ စက်တင်ဘာ ၂၅ ရက်နေ့ကစတင်ကာ ဖြိုဖျက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သံတွဲမြို့နယ်၊ ကျောက္ကလပ်အုပ်စု၊  ဂျိုင်သာရွာရှိ နေအိမ် (၀) လုံးကို ၎င်းမြေနေရာမှာ ရေတပ်ပိုင်မြေနေရာဟု ဆိုကာ စစ်ကောင်စီရေတပ်က ဦးဆောင်ပြီး စစ်တပ်၊ ရဲ၊ ရေတပ်စသည့် ဌာနပေါင်းစုံမ လူများဖြင့် ယနေ့ စက်တင်ဘာ ၂၈ ရက် နံနက်ပိုင်းမှစပြီး လာရောက်ဖြိုဖျက်ခဲ့သည်ဟု ကျေးရွာသားများက ပြောသည်။

သံတွဲမြို့အနောက်တောင်ဘက် ၂၇ မိုင်အကွာ ဂျိုင်သာရွာတွင်  ယခင်က အိမ်ခြေ ၇၀ ကျော်နှင့် ူဦးရေ ၃၅၀ ကျော်ရှိကာ နေထိုင်လာခဲ့သည်မှာ ဆယ်စုနှစ် တစ်ခုကျော်ရှိပြီ ဖြစ်ကြောင်း၊ ရွာသားမှာ ရေလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသူများဖြစ်ကြောင်း၊ ၎င်းရွာမြေနေရာမှာ ရေတပ်ပိုင် မြေနေရာဟု ဆိုကာ အတင်းနှင်ထုတ်သဖြင့် လွန်ခဲ့သည့် တစ်လကျော်က အိမ်ခြေ ၄၀ကျော်ခန့်မှာ ဂျိုင်သာမှ သစ်ကောက်ရွာသို့ ပြောင်းရွှေ့သွားခဲ့ပြီး နောက်ဆုံးကျန်ရှိနေသည့် အိမ် ၂၀ ကို ယနေ့တွင် စစ်ကောင်စီက လာရောက် ဖြိုဖျက်ခြင်း ဖြစ်ကြောင်း ပြောဆိုသည်။

သူတို့ စစ်ကောင်စီတပ်က စီမံကိန်းရှိတယ်လို့ပြောပါတယ်။  ဒီနှစ် သြဂုတ်လကတည်းက ရွာသားတွေကို ပြောင်းရွှေ့ပေးဖို့ ဒေသခံတွေကို ဖိအားပေးခဲ့တာပါ။ ဒီရွာက ရေတပ်မြေထဲမှာ မပါဘူး။ အခုမှ စီမံကိန်းဆိုပြီးလာလုပ်တာပါ။ ဘာစီမံကိန်းလဲဆိုတာ စစ်ကောင်စီက ထုတ်မပြောပါဘူး။ ဒီနေ့တော့ အကုန်လာဖြိုဖျက်ပါတယ်ဟု ဂျိုင်သာကျေးရွာသားတစ်ဦးက ပြောသည်။

ဂျိုင်သာရွာသားများကို ၎င်းရေတပ်တာဝန်ရှိသူများက " အစိမ်းမတောင် " ဟုခေါ်သည့် နေရာတွင် အစားထိုးနေရာချပေးသော်လည်း ပင်လယ်နှင့် ဝေးကွာသဖြင့် ရေလုပ်ငန်းကို လုပ်ကိုင်ရန်နှင့် သားသမီးပညာရေး၊ ကျန်းမာရေးကအစအဆင်မပြေကြောင်း ရွာသား တစ်ဦး ပြောဆိုသည်။

"နေထိုင်စားသောက်ရေးအဆင်မပြေလို့သာ သူတို့စီစဉ်ပေးတဲ့နေရာကို မပြောင်းတာပါ။ အဓိက ရေလုပ်ငန်းကို အားထားလုပ်နိုင်နေသူတွေပါ။ အလုပ်အတွက်အဆင်မပြေတော့ ရပ်တည် နေထိုင်ဖို့ခက်ပါတယ်။ ကလေးတွေပညာရေး၊ ကျန်းမာရေးကအစ အဲ့ဒီနေရာမှာ အဆင်မပြေပါဘူး။ အကျိုးအကြောင်းကိုလည်း ကျနော်တို့ပြောပြခဲ့ပါတယ်။ ညှိနှိုင်းပေးမယ့်အစား အခုလို ကိုယ်ချင်းမစာမနာ အိမ်တွေကိုဖျက်ပစ်တာပါပဲ။ အခုတော့ နေစရာမရှိ၊ စားစရာမရှိဖြစ်ရပါပြီ"ဟု ပြောသည်။

ဖြိုဖျက်ရာတွင် အင်အားသုံးပြီး ရွာသားများကို အတင်းထွက်ခိုင်းကာ  ဘတ်ဟိုးများနှင့် ဖြိုဖျက်ခဲ့ပြီး ကျေးရွာသားများမှာ မိုးထဲလေထဲတွင် နေစရာမရှိဖြစ်နေကြရသည်ဟု ဆိုသည်။

"လက်ကျန်အိမ်တွေကို ဒီနေ့ ၈ နာရီကနေ ဘတ်ဟိုးနဲ့ စဖြိုတယ်။ နေ့လယ် ၂ နာရီလောက်မှာ ပြီးပါတယ်။  သူတို့က မဖြိုခင် ပစ္စည်းသိမ်းချိန်ခဏလေးပဲပေးပြီး အကုန်ထွက်ခိုင်းပါတယ်။ ပြီးတော့ လူဝင်ခွင့်မပေးတော့ဘူး။ အကုန်လုံး ဒုက္ခရောက်ကုန်ပါတယ်" ဟု ပြောသည်။

စက်တင်ဘာ ၁၀ ရက်နေ့ကလည်း ဂျိုင်သာရွာက လူနေအိမ် (၁၀) လုံးကို အတင်းဓမ္မ ပြောင်းရွှေ့စေခဲ့ကာ ယခင် ပြောင်းရွှေ့ခဲသူတို့အတွက် ရေလုပ်ငန်း လုပ်ကိုင်ရန် မဖြစ်နိုင်သည့် အလွန်ဝေးသည့် နေရာတစ်ခုဖြစ်သည့် အစိမ်းမတောင်နှင့် သစ်ကောက်ရွာအနီးတွင်  ပေ ၃၀- ၆၀ မြေကွက်တစ်ကွက်နှင့် အိမ်ဆောက်ရန် ဝါးထရံ ၃ချပ်၊ ဆန် ၃ ပြည်နှင့် စားအုံးဆီ ၅၀ ကျပ်သား ပေးခဲ့သည်ဟု သိရသည်။

စစ်တွေမြို့၊ မင်းဂံရပ်ကွက်တွင်လည်း နေအိမ်အနည်းဆုံး (၁၀) လုံးကို စက်တင်ဘာ ၂၅ ရက်နေ့ကစကာ စစ်ကောင်စီတပ်က ဖြိုဖျက်ပစ်ခဲ့သည်ဟု သိရသည်။

နေအိမ်ဖျက်ခံရသူတစ်ဦးက'' ဘာမှလည်း တင်ကြို မပြောထားပါဘူး။ ခင်ဗျားတို့ အခုဖျက်ပေးရမယ်။ မဖျက်ရင် အင်အားသုံးပြီး ဖျက်မယ်ဆိုပြီး ပြောတယ်။ နစ်နာကြေးတို့ လျော်ကြေးတို့ပေးစရာလည်း မရှိပါဘူးလို့ ပြောတယ်။ ဒီမြေတွေကို ကျနော်တို့မှာ ပင်ပန်းဆင်းရဲခံပြီး ခက်ခက်ခဲခဲ ဝယ်ထားရတာပါ''ဟု နိရဥ္စရာသို့ပြောသည်။ 

အဆိုပါ မြေလာသိမ်းသည့်စစ်တပ်မှာ စစ်တွေမြို့ တပ်ထိန်းအနီးမှ တပ်ရင်းတစ်ခုဖြစ်ပြီး ခမရ ၂၃၂ နှင့်လက်နက်ခဲယမ်းနှင့် စစ်ပစ္စည်းထိန်းသိမ်းရေးတပ်ရင်းနှစ်ခုက တစ်ခုခု ဖြစ်နိုင်ကြောင်း မြေအသိမ်းခံရသူများကပြောသည်။

မြေအသိမ်းခံရသူတစ်ဦးက '' တပ်ရင်း ၂၃၂ လား၊စစ် ပစ္စည်းထိန်းတဲ့တပ်လား သေချာတော့ မပြောတတ်ဘူး။ ကျနော့်အိမ်ကိုတော့ တဝက်လောက်ဖြိုပြီးနောက်ဆုက်ပေးလိုက်ရတယ်'' ဟုနိရဉ္စရာ သို့ပြောသည်။

အိမ်ဖြိုဖျက်၍ မြေသိမ်းခံရသူတချိူ့မှာ နေစရာအခက်အခဲ ရှိနေပြီး နီးစပ်ရာအိမ်များနှင့် ဘုန်းကြီးကျောင်းများတွင် ယာယီနေထိုင်နေကြကြောင်းသိရသည်။

အဆိုပါမြေနေရာများမှာ ရပ်ကွက်တိုးချဲ့စဥ်က ကာလတန်ဖိုးများပေး၍ ဝယ်ယူထားကြခြင်းဖြစ်ပြီး ၁၀နှစ်ခန့် နေထိုင်လာခဲ့ကြပြီဖြစ်ကြောင်း မြေအသိမ်းခံရသူများက နိရဉ္စရာသို့ ပြောကြသည်။

''အခု အသိ အိမ်အလွတ်တလုံးမှာတက်နေကြရတယ်။ ကူညီပေးမယ့်သူလည်း မရှိပါဘူး။ကျနော်တို့က လက်လုပ်လက်စားတွေပါ။ မြေတနေရာပြန်ရဖို့ကမလွယ်ပါဘူး။ မြေသိမ်းရင်လည်း သိမ်းကြပါစေ။ ကျနော်တို့ကို မြေနေရာအစားလေးပြန်ပေးကြစေချင်ပါတယ်''ဟု ၎င်းက နိရဉ္စရာသို့ ပြောသည်။

  (NN- 13/16)

ဆက်စပ် သတင်းများ