တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

စစ်တွေအပါအဝင် မြန်မာနိုင်ငံကူးလက်မှတ်(Passport)ရုံးများအား မနက်ဖြန်ပြန်ဖွင့်မည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ ဖေဖော်ဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 8.4k

နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂၃/၂၀၂၃


စစ်တွေအပါအဝင် မြန်မာနိုင်ငံကူးလက်မှတ်(Passportရုံးများအား မနက်ဖြန် ဖေဖော်ဝါရီလ ၂၄ ရက်မှစ၍ ပြန်ဖွင့်မည်ဟု သိရသည်။

မြန်မာနိုင်ငံကူးလက်မှတ်များကို www.passport.gov.mm ဝက်ဘ်ဆိုဒ်မှ Online ဘိုကင်စနစ်သစ်ဖြင့်လည်း ကိုယ်တိုင်လျှောက်ထားနိုင်မည်ဟု သိရသည်။

သို့သော် Online ဘိုကင်စနစ်အား မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး(ရန်ကုန်)၌သာ ကျင့်သုံးမည်ဖြစ်ပြီး ပြည်နယ်/တိုင်းဒေသကြီးများရှိ ရုံးခွဲများ၌ ယခင်လျှောက်ထားမှု လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်သည်ဟု စစ်ကောင်စီဘက်က ယမန်နေ့တွင် ထုတ်ပြန်ထားသည်။

Online မှ ဘိုကင်ရယူရာတွင် အချိန်အကန့်အသတ်မရှိဘဲ အလွယ်တကူ လျှောက်ထားနိုင်ပြီး ကုန်ကျစရိတ်ကို သတ်မှတ်နှုန်းထားအတိုင်း တစ်ပါတည်း ပေးချေရမည်ဟု ဆိုသည်။

Online မှ ဘိုကင် လျှောက်ထားရန် အခက်အခဲရှိသူများအနေဖြင့် သက်ဆိုင်ရာ မြို့မရဲစခန်းများတွင် အကူအညီတောင်းခံ၍ လျှောက်ထားနိုင်ကြောင်း သိရသည်။

ရခိုင်အပါအဝင် မြန်မာတစ်နိုင်ငံလုံးတွင် နိုင်ငံခြားသို့အလုပ်သွားလုပ်ရန် နိုင်ငံကူးလက်မှတ် လျှောက်ထားသူများအနေဖြင့် နိုင်ငံကူးလက်မှတ်(Passportရုံးများအား စစ်ကောင်စီက ရုတ်တရက်ပိတ်လိုက်သည့်အတွက် အချိန်နှင့် ငွေကြေးများ ထိခိုက်နစ်နာမှုများရှိခဲ့ကြောင်း နစ်နာခဲ့သူများက ပြောသည်

ပုဏ္ဏားကျွန်းမြို့နယ်မှ ကိုဇော်မင်းနိုင်က "စစ်တွေရုံးမှာ အေးဂျင့်နဲ့တင်ထားတာ ၇ လလောက်ရှိပြီ။ ကျနော်တို့က ဒုတိယအုပ်စုပါ။ ရှေ့မှာတခြားလူတွေလည်း ရှိသေးတယ်။ ကျနော်တို့မှာက ကိုယ့်မှာမရှိလို့ သူများတွေဆီက ချေးငှားပြီး သွားဖို့လုပ်ရတာ။ နစ်နာမှုတွေရှိတယ်။ မရှိလို့သူများ နိုင်ငံသွားလုပ်ရမှာကိုမှ  ငွေတိုးပေးနေရတယ်။ အလုပ်အကိုင်ကလည်း မရှိဆိုတော့လေ"ဟု ပြောသည်။

ပြန်ဖွင့်ရန် မျှော်လင့်နေခဲ့ရသည့်အတွက် ယခုကဲ့သို့ ပြန်ဖွင့်လိုက်သည့်အပေါ် ဝမ်းသာကြောင်း Passport လျှောက်ထားသူများက ပြောသည်။

Passport ရုံးများအား ပြန်လည် ဖွင့်လှစ်ရာတွင် မည်သူမဆို လွယ်ကူစွာ လျှောက်ထားနိုင်ရန် စီစဉ်ထားရှိပြီး ကြားခံပွဲစားများဖြင့် အခကြေးငွေပေးဆောင်၍ လျှောက်ထားခြင်းများ မပြုရန်လည်း စစ်ကောင်စီဘက်က အသိပေးနှိုးဆော်ထားသည်။ (NN-7)

ဆက်စပ် သတင်းများ