တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ရခိုင်ပြည်ဖွံ့ဖြိုးတိုးတက်မှုနောက်ကျနေရခြင်းသည် လူမျိုးရေးပဋိပက္ခများနှင့်အကြမ်းဖက်သောင်းကျန်းသူများကြောင့်ဟုစစ်ကောင်စီဥက္ကဋ္ဌ ပြောဆိုမှုအပေါ် ရခိုင်နိုင်ငံရေးသမားများပယ်ချ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 6.1k

ရခိုင်ပြည် မဖွံ့ဖြိုး မတိုးတက်ရခြင်းမှာ အုပ်ချုပ်သူများ၏ပေါ်လစီအမှားများနှင် ဖိနှိပ် ခွဲခြားအုပ်ချုပ်မှုကြောင့်ဟု ရခိုင်နိုင်ငံရေးသမားများပြော


နိရဥ္စရာ၊ မတ် ၃/၂၀၂၃

ရခိုင်ပြည်ဖွံ့ဖြိုးတိုးတက်မှုနောက်ကျနေရခြင်းသည် လူမျိုးရေးပဋိပက္ခများနှင့် အကြမ်းဖက် သောင်းကျန်းသူများကြောင့်ဟု စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောဆိုမှုအပေါ် ရခိုင်နိုင်ငံရေးသမားများပယ်ချလိုက်ပြီး  ရခိုင်ပြည် မဖွံ့ဖြိုးမတိုးတက်ရခြင်း အကြောင်းအရင်းမှာ အုပ်ချုပ်သူများ၏ ရခိုင်ပြည်နယ်အပေါ် ချမှတ်ထားသည့်  ပေါ်လစီအမှားများနှင့်  ဖိနှိပ်ခွဲခြားအုပ်ချုပ်ခံရမှုကြောင့်ဟု ရခိုင်နိုင်ငံရေးသမားများပြောကြားသည်။  

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရခိုင်ပြည်ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေရခြင်းသည် လူမျိုးရေးပဋိပက္ခများနှင့် အကြမ်းဖက်သောင်းကျန်းသူများကြောင့်ဟု မတ်လ ၁ ရက်တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အမ်းတပ်နယ်ရှိ ဌာနချုပ်အစည်းအဝေးခန်းမတွင် တိုင်းမှူးအပါအဝင် အရာရှိစစ်သည်များနှင့်တွေ့ဆုံစဉ် ပြောဆိုခဲ့သည်။

ယင်းသို့ပြောဆိုချက်နှင့်ပတ်သက်ပြီး မြေပုံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းလည်းဖြစ်၊ ရခိုင်ဝါရင့်နိုင်ငံရေးသမားလည်းဖြစ်သည့် ဦးဖေသန်းက ရခိုင်ပြည်သည် သယံဇာတပေါများပြီး ရေခံ၊ မြေခံကောင်းသည့်နေရာဒေသဖြစ်သော်လည်း ဗမာအုပ်ချုပ်သူ အစိုးရဆက်ဆက်၏ အုပ်ချုပ်မှု ပေါ်လစီ အမှားအယွင်းများနှင့် ခွဲခြားဆက်ဆံ အုပ်ချုပ်ကာ ရခိုင်ပြည်အားပစ်ပယ်ထားသည့် အကျိုးဆက်များကြောင့် ရခိုင်ပြည်ဖွံ့ဖြိုးတိုးတက်မှုမရှိခြင်းဖြစ်သည်ဟု ပြောသည်။

"အဓိကက သူတို့ကိုယ်နှစ်က ရခိုင်ပြည်ဖွံ့ဖြိုးတိုးတက်အောင် ဘာစီမံကိန်းမှမချပေးခဲ့ဘူး။ လမ်းပန်းဆက်သွယ်ရေး၊ ဆည်မြောင်းတာတမံ၊ စက်ရုံအလုပ်ရုံ တစ်ခုမှမထူထောင်ခဲ့ဘူး ရခိုင်မှာ။ ဒီအကျိုးဆက်တွေကြောင့် ရခိုင်တွေဟာ ကိုယ့်ပြည်မှာမနေနိုင်ဘဲ ဗမာပြည်၊ ကချင်ပြည်၊ နိုင်ငံတကာကို ထွက်ပြီးအလုပ်လုပ်နေရတာ။ ဆင်းရဲမွဲတည်နေတာ။ ဒီအစိုးရတွေရဲ့ ကျောသား၊ ရင်သားခွဲခြားတဲ့ပေါ်လစီ၊ ရခိုင်ကို မျက်နှာလွှဲခဲပစ်ပြီး ခွဲခြားဆက်ဆံတဲ့ ပေါ်လစီကြောင့်ပဲ ဖြစ်တယ်"ဟု ပြောသည်။

ရခိုင်ပြည်တွင် စစ်ရေးနှင့် လူမျိုးရေးပဋိပက္ခဖြစ်ပွားမှုမှာ ဆယ်စုနှစ် တစ်ခုသာရှိသေးပြီး လွတ်လပ်ရေး ရပြီးကတည်းက နှစ်ပေါင်း ၆၀ ခန့် ရခိုင်ပြည်ကို ပစ်ပယ်ထားကာ လူမျိုးကြီးဝါဒဖြင့် ကျင့်သုံးအုပ်ချုပ် စွန့်ပစ်ထားခဲ့သည့်အတွက် ယခုလို အဆင်းရဲဆုံးပြည်နယ်တစ်ခု ဖြစ်သွားခဲ့သည် ဦးဖေသန်း တုံ့ပြန် ပြောဆိုသည်။

အုပ်ချုပ်သူ ဗမာခေါင်းဆောင်အဆက်ဆက်ဟာ သူတို့ရဲ့ အမှား၊ သူတို့ရဲ့ အားနည်းချက်တွေကို ဘယ်တော့မှ ပြန်မသုံးသပ်ဘူး။ ဒီကနေ့ ဗမာပြည်မှာ ဖြစ်နေတဲ့ ဆင်းရဲမွဲတည်မှု၊  လက်နက်ကိုင် ပဋိက္ခတွေ အုပ်ချုပ်သူ အဆက်ဆက်ရဲ့ မှားယွင်းတဲ့ပေါ်လစီ၊ သွေးခွဲအုပ်ချုပ်မှုတွေကြောင့် ဖြစ်နေတာ။ ဒီအပေါ်မှာ တစ်ခါမှ သူတို့ သုံးသပ်တာမရှိသလို ဝန်ခံတာလည်း မရှိဘူး။ ဖြစ်လာရင် တိုင်းရင်းသားတွေကို အပြစ်တင်မယ်။ အပြစ်ဖို့မယ်။ ဗမာပြည်မှာ လက်ရှိဖြစ်နေတဲ့ ပြဿနာအရပ်ရပ်ဟာ သူတို့ရဲ့ အားနည်းချက်တွေနဲ့ ခွဲခြားဆက်ဆံ အုပ်ချုပ်နေတဲ့ အတွက် ဖြစ်နေတာဟု ၎င်းက ပြောဆိုသည်။

ခိုင်တို့သည်  တချိန်တခါက ပညာတတ်ပေါများပြီး စီးပွားရေးတွင်ထိပ်တန်းရောက်ခဲ့ကြသော်လည်း အင်္ဂလိပ်အုပ်ချုပ်ရေးနောက်ပိုင်း လွတ်လပ်ရေးရပြီးနောက်  မြန်မာအစိုးရအဆက်ဆက်က တမင် ရည်ရွယ်ချက်ရှိရှိ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေးအခွင့်အလမ်းများအား အစစအရာရာကို  ချိုးနှိမ်ကာ ဖိနှိပ်အုပ်ချုပ်ခဲ့ကြခြင်းကြောင့် ရခိုင်တို့ အစစ အရာရာတွင် နိမ့်ကျခဲ့ရခြင်း ဖြစ်ကြောင်း သူက ဆက်ပြောသည်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယခင်က ရခိုင်ပြည်နယ်သည် အုပ်ချုပ်မှု စနစ်ပညာရေးတို့တွင် အားကောင်းခဲ့သော်လည်း နောက်ပိုင်းတွင် မူဂျာဟစ်သောင်းကျန်းသူများနှင့် ဒေသတွင်း လူမျိုးရေးပဋိပက္ခများ ဖြစ်ပေါ်ခဲ့မှုများ စသည့်အကြောင်းအမျိုးမျိုးကြောင့် ရခိုင်ပြည်နယ်သည် ဖွံ့ဖြိုးတိုးတက်ရေးတွင် များစွာနောက်ကျခဲ့ရကြောင်း၊ ဒေသတစ်ခု၊ နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာအတတ်ပညာနှင့် ပြည့်စုံသည့် လူသား အရင်းအမြစ်ကောင်းများရှိရန် မဖြစ်မနေလိုအပ်ကြောင်းကိုလည်း ပြောဆိုခဲ့သည်။

ယင်းသို့ပြောဆိုမှုအပေါ် ရခိုင်အမျိုးသားပါတီ(ANP)ဗဟိုကော်မတီဝင် ဦးခိုင်ဆန်းအောင်ကလည်း  "ဒီကိစ္စက လူတိုင်းနားလည်ပြီးသား ကိစ္စပဲ ဖြစ်တယ်။ လူမျိုးရေးပဋိပက္ခဖြစ်ခြင်း၏အရင်းအမြစ်ကိုက ဖြစ်တဲ့နှစ်ဘက်လူ့အဖွဲ့အစည်းက သိပြီးသားပဲလေ။ ဒါကြောင့် အဖြေက ရှင်းပြီးသားလို့မြင်တယ်" ဟု ပြောသည်။

ရခိုင်ပြည်နယ်သည် ခေတ်အဆက်ဆက်အစိုးရတို့၏ ပစ်ပယ်ထားခဲ့သည့်အတွက် စက်ရုံအလုပ်ရုံမရှိဘဲ အလုပ်အကိုင်အခွင့်အလမ်းရှားပါးကာ ပြည်သူများသည်လည်း ရွှေ့ပြောင်းလုပ်သားများအဖြစ် ပြည်ပထွက်ခွာမှုများပြားလျက်ရှိနေဆဲဖြစ်သည်ဟု ဒေသခံများက ပြောသည်။


ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဦးထွန်းဝင်းကလည်း ရခိုင်တို့အား ပညာရေး၊ စီးပွားရေး၊ လူမှုရေး အစစရာရာ နှိပ်ကွပ်ကာ မြန်မာနိုင်ငံ၏ အဆင်းရဲဆုံး လူ့အဖွဲ့အစည်း ဖြစ်အောင် စနစ်တကျ အကွက်ကျကျစီမံလုပ်ဆောင်ခဲ့ကြ၍ ယခုကဲ့သို့ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေရခြင်းဖြစ်ကြောင်း ပြောသည်။


"ပြောရမယ်ဆိုရင်အင်္ဂလိပ်လက်ထက်မှာတောင်မှ မြန်မာနိုင်ငံမှာ အဖွံ့ဖြိုးဆုံးဒေသမှာပါခဲ့တယ်။ မြန်မာနိုင်ငံအစိုးရအဆက်ဆက်လက်ထက်ရောက်ပြီးမှ မြန်မာနိုင်ငံရဲ့အဆင်းရဲဆုံး လူ့အဖွဲ့အစည်း ဖြစ်ခဲ့တာ။ ဒါက ကျနော်တို့ မမျှော်လင့်ဘဲ ဖြစ်ခဲ့ရတဲ့ကိစ္စမဟုတ်ဘူး။ ပြောရမယ်ဆို စနစ်တကျကို ဒီလိုဖြစ်အောင်လုပ်ခဲ့တဲ့လူတွေကြောင့်ဖြစ်တယ်။ ပညာတတ်တွေလည်း အများဆုံးထွက်ခဲ့တဲ့ဒေသပါ။ အဲ့ဒီအခြေနေကနေပညာရေးတွေပါအားလုံး ဘက်ပေါင်းစုံက ယိုယွင်းသွားအောင်၊ ပျက်စီးသွားအောင် စနစ်တကျလုပ်ခဲ့တယ်လို့ ရှုမြင်သုံးသပ်လို့ရတယ်" ဟု ပြောသည်။


ရခိုင်တို့သည် ကိုယ့်ထီးကိုယ့်နန်းနှင့် ထည်ဝါစွာနေထိုင်ခဲ့သည့် လူမျိုးဖြစ်ပြီး အင်္ဂလိပ်အုပ်ချုပ်သည့် ကာလအထိ ပညာရေးတွင်လည်း ထိပ်တန်းရောက်ခဲ့သလို စီးပွားရေးတွင်လည်း မြန်မာနိုင်ငံအတွင်း ထိပ်တန်းတွင်ရပ်တည်နိုင်ခဲ့ပြီး သူဌေးသူကြွယ်များစွာပေါ်ထွန်းခဲ့သည်ဟု ဆိုသည်။

လွတ်လပ်ရေးရပြီးနောက် ဗမာအစိုးရအဆက်ဆက်လက်ထက်တွင် စနစ်တကျ ချိုးနှိမ် ဖျက်ဆီးမှုများကြောင့် အစစအရာရာနိမ့်ကျခဲ့ရခြင်း အပေါ်  စစ်ကောင်စီခေါင်းဆောင်၏ပြောဆိုမှုမှာ ရခိုင်လူ့အဖွဲ့အစည်းကို တနည်းနည်းနှင့်စော်ကားခြင်းဖြစ်သည်ဟု ပြောသည်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပညာတတ်များ ပေါများမှသာ ဒေသ ဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်ကာ ထိုမှတစ်ဆင့် တိုင်းရင်းသားအချင်းချင်း အထင်အမြင် လွဲမှားနေမှုများကို နည်းပါးစေကာ ချစ်ကြည်ရင်းနှီးမှုကို ပိုမိုအထောက်အကူ ပြုစေမည်ဖြစ်ပြီး စုစည်းညီညွတ်ပြီး ဖွံ့ဖြိုးတိုးတက်သည့်ပြည်ထောင်စုကြီးကို ဖော်ဆောင်နိုင်မည်ဟုလည်း ပြောဆိုခဲ့သည်။

ယင်းအပြင် နိုင်ငံ၊ ဒေသတစ်ခုတိုးတက်ရန် ပညာတက်များလိုအပ်သည့်အတွက် ပညာရေးကို နိုင်ငံနှင့်အဝန်းမြှင့်တင်ဆောင်ရွက်ပေးလျက်ရှိပြီး ရခိုင်ပြည်နယ်အတွင်း ပညာရည်မြင့်မားရေး အတွက်လည်း နိုင်ငံတော်အနေဖြင့် အားပေးဆောင်ရွက် လျက်ရှိသည်ဟု ပြောဆိုသွားခဲ့သည်။ (NN-7)

ဆက်စပ် သတင်းများ