တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

စစ်တွေမြို့မဈေးကြီး ပျံကျဈေးသစ်တွင် ဆိုင်ဝန်ပစ္စည်းများ နေ့စဉ်လိုလို ခိုးယူဖောက်ထွင်းခံနေရ၍နစ်နာဆုံးရှုံးမှုများပြားနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဧပြီ ၂၀၂၃
  • | ကြည့်ရှုသူ: 2.3k

(ညစောင့်ချထားပေးရန်တောင်းဆိုမှု စည်ပင်ကငြင်းပယ်နေဟုဆို)

 

နိရဥ္စရာ၊ ဧပြီ ၇/၂၀၂၃

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မဈေးကြီးရှိ ပျံကျဈေးသစ်တွင် ဈေးသည်များ၏ ဆိုင်ခန်းမှ ဆိုင်ဝန်ပစ္စည်းများသည် နေ့စဉ်ဆိုသကဲ့သို့ ခိုးယူဖောက်ထွင်းခံနေရ၍ ဈေးသည်များ အလွန်တရာ အခက်တွေ့နေကြရသည်ဟု သိရသည်။

အဆိုပါပျံကျဈေးသစ်ရှိ ဟင်းသီးဟင်းရွက်ရောင်းချသည့် ဆိုင်ခန်းများ၏ ပစ္စည်းသိုလှောင်ခန်းများကို ဖောက်ထွင်းကာ မကျည်းသီး၊ ငရုတ်သီးစိမ်း၊ ငရုတ်သီးခြောက်၊ အာလူး၊ ရွှေဖရုံ၊ သခွားသီး၊ အချိုမှုန့်၊ ဆီ အစရှိသည့်ဆိုင်ဝန်ပစ္စည်းများ ခိုးယူဖောက်ထွင်း ခံနေရခြင်းဖြစ်သည်ဟု ဈေးသည်များက ဆိုကြသည်။

ဆိုင်ဝန်ပစ္စည်းများကို သေသေသပ်သပ်သိမ်းဆည်းပြီး သော့ပိတ်ထားခဲ့သော်လည်း အဆိုပါ ပျံကျဈေးသစ်တွင် ညစောင့်မရှိ၍ နေ့တိုင်းဆိုသလို ပျောက်ဆုံးနေခြင်းဖြစ်သည်ဟုလည်း စားကုန်ရောင်းချသူ ဒေါ်မခင်ဖြူက နိရဥ္စရာကိုပြောသည်။

ဘယ်လို လုံခြုံအောင် ထားရမလဲဆိုတာ အဒေါ်တို့လည်း မသိတော့ဘူး။ မိန်းမတစ်ယောက်အနေနဲ့ ဆိုင်မှာ စောင့်ပြီးလည်း ညမအိပ်နိုင်ဘူး။ အိမ်ကိုရောက်သွားရင် ခေါင်းချမအိပ်ရဲဘူး။ ငါ့ပစ္စည်းပျောက်သွားပြီလားဆိုပြီး စိုးရိမ်နေရတယ်။ ဒီလောက်လေးရောင်းတာမှာ ပျောက်တော့ အရင်းပြုတ်တယ်။ စားဝတ်နေရေးကတော့ အကြွေးထူသွားတယ်ပေါ့။ သူများဆီမှာ နဂိုက အကြွေး ၅ သိန်းရှိရင်၊ ၇ သိန်း၊ ၈ သိန်းဖြစ်သွားတယ်၊ ၁၀ သိန်းဖြစ်သွားတယ်။ အရောင်းကလည်း မကောင်းတော့ဟုပြောသည်။

တစ်ရက်လျှင် ကျပ် ၆ သောင်းခန့်ဖိုးစီ ခိုးယူခံနေရ၍ ဆိုင်သိုလှောင်ခန်းတွင် မထားရဲတော့ဘဲ စျေးပိတ်သည်နှင့် သူနေထိုင်သည့် ကားဂိတ်အနီးမှ ကန်တော်ကြီးရပ်ကွက်သို့ ပြန်သယ်သွားရသည့် အတွက် အလွန်တရာအခက်တွေ့နေရသည်ဟု စျေးသည် ဒေါ်ဘိုမက ဆိုသည်။

အခု ခိုးမှာကြောက်လို့ မထည့်တာ နှစ်ပတ်လောက်ရှိပြီ။ ဘာမှ ဝယ်လို့ မထည့်တော့ဘူး။ အိမ်ကို ယူသွားတယ်။ အိမ်က ကန်တော်ကြီးရပ်ကွက်မှာ။ ခရီးစရိတ် အသွားအပြန် ၃ ထောင်။ ပစ္စည်းသယ်ခနဲ့ဘာနဲ့ စရိတ်ထောင်းတယ်။ ပျောက်သွားလို့ သော့ခလောက် အငယ်နဲ့မရဘူး၊ အကြီးဝယ်ပြီး ပိတ်တယ်။ အခု သော့ပိတ်တဲ့ဟာကိုပါ ဖဲ့သွားတယ်။ ဒါကြောင့် မထည့်ရဲတော့ဘူးဟု ဆိုသည်။

အဆိုပါပျံကျဈေးသစ်တွင် ပျောက်ဆုံးမှုများ များနေသည့်အတွက် ညစောင့်ထားပေးရန် စည်ပင်ကိုတောင်းဆိုခဲ့သော်လည်း ညစောင့်ကို မိမိကိုယ်ကိုယ် စောင့်ကြဟု ပြောခဲ့သည်ဟု ဈေးသည်များက ပြောသည်။

အာလူးရောင်းချသူ ဦးကျော်လှထွန်းက ပျောက်လွန်းလို့ ဆုံးရှုံးမှုတွေလည်း အရမ်းများသွားပါပြီ။ နစ်နာရပါတယ်။ တစ်ခေါက် ခိုးခံရရင် အရှုံးကြီး ရှုံးတယ်။ ကျနော်တို့ စည်ပင်ကို သွားပြောတော့ မင်းတို့မှာ ပျောက်ရင် ကိုယ့်ဟာကိုယ် ညစောင့်ထားကြလို့ ပြောပါတယ်။ အခက်အခဲက သူတို့အဲလိုပြောရင် ညစောင့်ထားဖို့ ဘယ်သူက ထားနိုင်မလဲ။ အစိုးရက လုပ်ပေးစေချင်တယ်ဟုဆိုသည်။ 

ယင်းအပြင် စားကုန်ရောင်းချနေသည့် ဒေါ်မခင်ဖြူကလည်း စည်ပင်ချပေးသည့်ဈေးတွင် စည်ပင်က ညစောင့် ချပေးရန်တာဝန်ရှိပြီး အမှန်တကယ် ညစောင့်လိုအပ်နေသည်ကို သက်ဆိုင်ရာလူကြီးက တာဝန်ယူဖြေရှင်းပေးရန် တောင်းဆိုလိုက်သည်။

ညစောင့်တော့ အဒေါ်တို့ အရမ်းလိုချင်တယ်။ လုံခြုံရေးက ချပေးရမယ်။ စည်ပင်က ချပေးတဲ့ဈေးမှာ စည်ပင်က ညစောင့်ထားပေးရမှာ တာဝန်ရှိတယ်။ သူတို့က မျက်ကွယ်ပြုထားတော့ အဒေါ်တို့မှာ ဘယ်တတ်နိုင်ပါ့မလဲ။ ဈေးကြီးနဲ့ပတ်သက်တဲ့ လူကြီးတွေ သိစေပါ။ ဒီဈေးကြီးမှာ ညစောင့် တကယ့်တကယ်လိုအပ်နေတယ်ဆိုတာ ကြားပါစေ၊ သိပါစေ။ ကူညီကြပါ၊ စောင့်ရှောက်ကြပါဟုဆိုသည်။ 

၎င်းဈေးသစ် ဆိုင်ခန်းသိုလှောင်ခန်းမှ ပစ္စည်းများပျောက်ရခြင်းမှာ စည်ပင်မှ ညစောင့်ထားမပေးခြင်း၊ ဈေးသစ်ခြံဝန်းတံခါး လုံခြုံမှုမရှိခြင်း၊ အပြင်လူဝင်အိပ်သည်များပါရှိနေသည့်အတွက် ပျောက်ဆုံးရခြင်းဖြစ်သည်ဟု မကျည်းသီးနှင့် ငရုတ်သီးစိမ်းများ နှစ်ရက်ဆက်တိုက် အခိုးခံလိုက်ရသည့် ဦးမောင်တင်သိန်းက နိရဥ္စရာကိုပြောသည်။

ဆိုင်ခန်းတွေမှာ အကုန်လုံး အရက်သမားတွေ ညအိပ်တယ်။ ခိုးတယ်။ စည်ပင်ကလည်း အရေးမယူ၊ စည်ပင်ကလည်း လုပ်လို့မပေး။ ညစောင့်ချပေးသင့်တယ်။ အဓိကက ညဘက်ပျောက်တာ။ စည်ပင်က တံခါးပိတ်တယ်လို့သာပြောတာ။ တံခါးက ဘယ်လိုမှ လုံခြုံမှုမရှိဘူး။ ညဘက်ဆိုရင် ဒီအထဲမှာ အရက်သမားတွေ အများကြီးရှိတယ် အိပ်နေကြတာ။ ချီးပါ၊ သေးပေါက်၊ နေချင်သလိုနေလို့ရတယ်ဟုပြောသည်။

ယခုကဲ့သို့ မြို့မဈေးကြီး၏ပျံကျဈေးသစ်တွင် ညစောင့်မရှိသည့်ကိစ္စနှင့်ပတ်သက်၍ ဈေးကော်မတီမှ တာဝန်ရှိသူတစ်ဦးထံ နိရဥ္စရာက ဆက်သွယ်မေးမြန်းခဲ့ရာ အဆိုပါကိစ္စကို မသိဟုဆိုပြီး ဈေးအရာရှိ (သို့မဟုတ်)မြို့နယ်စည်ပင်ကိုမေးမြန်းရန် ပြောဆိုခဲ့သည်။

ထို့ကြောင့် စစ်တွေမြို့မဈေးကြီး အရာရှိ ဦးစောဖြူနှင့် စစ်တွေမြို့နယ် စည်ပင်အမှုဆောင်အရာရှိ ဒုတိယညွန်ကြားရေးမှူး ဒေါ်ခင်ခင်စိုးတို့ထံ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။

အဆိုပါ ပျံကျဈေးသစ်ကို ပြီးခဲ့သည့် NLD အစိုးရလက်ထက် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလခန့်က မြို့မစျေးကြီးအနီးရှိ ကိုးရီးယားမြေဖို့နေရာတွင် အသစ်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ဆိုင်ခန်းအကျယ် (၅') နေရာတစ်ခုစီကို ပျံဈေးသည်များအား ငွေကျပ်သိန်း ၂၀ ဖြင့်ရောင်းချပေးခဲ့ခြင်းဖြစ်သည်။ (NN-3)

ဆက်စပ် သတင်းများ