တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

နှစ်ဘက် အပစ်ရပ်ကာလ (၄)လကျော်လာသော်လည်း ရခိုင်၏ လူမှုစီးပွားဘဝပြောင်းလဲတိုးတက်မှု တစ်စုံတစ်ရာမရှိဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ ဧပြီ ၂၀၂၃
  • | ကြည့်ရှုသူ: 7.9k

နိရဥ္စရာ၊ ဧပြီ /၂၀၂၃

ရခိုင်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ အပစ်အခတ်ရပ်စဲထားသည်မှာ (၄)လကျော်ကြာလာသော်လည်း တိုက်ပွဲကာလကထက် လူမှုစီးပွားဘဝပြောင်းလဲတိုးတက်မှု သိသိသာသာမရှိသေးကြောင်း နိုင်ငံရေးသမားများနှင့် ဒေသခံများက ပြောဆိုကြသည်။

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၆ ရက်တွင် စစ်ကောင်စီတပ်နှင့် AA တို့ လူသားချင်းစာနာမှုဆိုင်ရာ အပစ်အခတ် ရပ်စဲမှုကို နှစ်ဘက်နားလည်မှုနှင့် ပြုလုပ်ခဲ့ကြသည်။

လက်ရှိမှာ အပစ်အခတ်ရပ်စဲပြီး (၄) လကျော်ကြာလာသော်လည်း တိုက်ပွဲကာလအတွင်း ပိတ်ထားသည့်လမ်းအချို့ကို ပြန်ဖွင့်ပေးသည်မှလွဲ၍ ဆေးဝါး၊ အိမ်ဆောင်ပစ္စည်းသယ်ယူခွင့်များ ကန့်သတ်ခံနေရဆဲဖြစ်ပြီး ထူးခြားသောင်းပြောင်းလဲ တိုးတက်မှုမရှိသေးကြောင်း ရခိုင်နိုင်ငံရေးသမားတစ်ဦး ဖြစ်သည့် ဘူးသီးတောင်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးအောင်သောင်းရွှေက ပြောသည်။

"အပစ်အခတ်ရပ်စဲပြီးတဲ့နောက်မှာ တိုးတက်မှုအနေနဲ့တော့ ထူးထူးထွေထွေမရှိဘူး။ UNINGO အဖွဲ့တွေကတော့ အလုပ်လုပ်ခွင့် နည်းနည်းရလာတယ်။ အဲ့ဒါတစ်ခုပဲ တိုးတက်တာရှိတယ်။ လူထုအတွက်တော့ ထူးခြားတာမရှိသေးဘူး။ နောက်ပြီး ကုန်စည်စီးဆင်းမှုတွေလည်း ပိတ်ထားတာတချို့တွေ့ရသေးတယ်။ ဆိုတော့ တိုးတက်မှုက သိပ်မရှိဘူးလို့ ပြောလို့ရတာပေါ့" ဟု ပြောသည်။

ယင်းအပြင် အပစ်အခတ်ရပ်စဲပြီးနောက် ရခိုင်ကို စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၃) ကြိမ်တိုင်လာရောက်ခဲ့ပြီး စစ်တွေ၊ သံတွဲ၊ ကျောက်ဖြူမြို့တို့မှ နိုင်ငံတကာစီးပွားရေး လုပ်ကွက်များကို ကြည့်ရှုခဲ့ကာ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးမည်ဟု ပြောဆိုမှုများရှိခဲ့သော်လည်း ရခိုင်ပြည်နယ်နှင့် ဒေသခံများအတွက် ထူးခြားကောင်းမွန်လာနိုင်စရာ မရှိဟု သူက ဆက်ပြောသည်။

"စစ်ကောင်စီအစိုးရဖြစ်ဖြစ် အရင်တုန်းက ရခိုင်ကိုအုပ်ချုပ်ခဲ့တဲ့ လူတွေက ဒီလိုပဲ သွေးခွဲပြီးမှ အုပ်ချုပ်ခဲ့တာ ရှိတယ်။ လူထုယုံကြည်မှုကို တစ်ဖက်လှည့်နဲ့ ထင်ယောင်ထင်မှားဖြစ်အောင် လုပ်ခဲ့တာရှိတယ်။ အခုအနေအထားမှာတော့ သူ့လူနဲ့သူလာတာပဲရှိတယ်။ သူနဲ့နီးစပ်တဲ့ လူတွေ၊ စီးပွားရေးသမားတချို့ကို သူက မက်လုံးပေးတာပဲ ရှိတယ်။ လူထုအတွက် ဘာမှမရှိဘူး။ ကျနော်တို့ကလည်း သိပ်မျှော်လင့်လို့မရဘူး။ ဒါကတော့ အာဏာရှင်တွေရဲ့ လုပ်ရိုးလုပ်စဉ်တွေပါပဲလို့ ကျနော်ကတော့ ဒီလိုပဲ မြင်ပါတယ်" ဟု ဆိုသည်။

စစ်ကောင်စီက တကျော့ပြန်တိုက်ပွဲကာလအတွင်း ပိတ်ထားခဲ့သည့် ကုန်းလမ်းရေလမ်းအချို့ကို ပြန်ဖွင့်ပေးခဲ့သော်လည်း ပုဏ္ဏားကျွန်းမြို့နှင့် ရသေ့တောင်မြို့သို့ ဆက်သွယ်ထားသည့် ကားလမ်းကို ယနေ့ထိတိုင် ပြန်လည်ဖွင့်ပေးခြင်းမရှိသေးဟု သိရသည်။

စစ်ကောင်စီက ပြန်ဖွင့်ပေးထားသည့်လမ်းများတွင်လည်း ကုန်စည်များ သယ်ယူခွင့်ရရှိရေး ပြည်နယ် အစိုးရအဖွဲ့မှ နယ်လုံဝန်ကြီးထံမှ ပါမိတ်ခွင့်ပြုချက်ရရှိရေး  ငွေကြေးပေးကာ ယူနေရသည့်အပြင် အစစ်အဆေးတင်းကျပ်မှုများကြောင့် အခြားပြည်နယ်များထက် ရခိုင်တွင် ကုန်စျေးနှုန်းကြီးမြင့်မှု ဒဏ်ကိုလည်း ပြည်သူများ ခါးစည်းခံနေရသည်ဟု စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။

လက်ရှိ ရခိုင်၏အခြေအနေမှာ ဘက်ပေါင်းစုံတွင် အခက်အခဲအကျပ်အတည်းနှင့် ရင်ဆိုင်နေရဆဲအခြေအနေဖြစ်သည်ဟု စစ်တွေမြို့မှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

"အခုကတော့ ဘက်စုံ ခက်ခဲကျပ်တည်းတဲ့အခြေအနေမှာရှိတယ်။ ကုန်ပစ္စည်းသယ်ယူ ပို့ဆောင်ရေးအပိုင်း၊ နောက်ထပ် အခြေခံလူတန်းစားတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးဟာလည်း အခက်အခဲရှိတယ်။ ကျန်းမာရေး ဆေးကုသမှုအပိုင်းမှာလည်း ဆေးပစ္စည်းတွေ တော်တော်ကို မတန်တဆ အဆပေါင်းများစွာ စျေးတက်သွားတာလည်း ရှိတဲ့အခါမှာ လူတွေ ဆေးကုသမှုခံယူတဲ့အပိုင်းမှာ အများကြီး စရိတ်များလာပြီး ကုသမှုခံယူနိုင်တဲ့ အဆင့်တောင်မရှိဘူး။ နောက် နေ့စဉ်ထမင်းစားသောက်ရေးအပိုင်းမှာလည်း အလုပ်အကိုင်ရှားပါးတဲ့အတွက် လူတွေဟာ တောင်းရမ်းစားသောက်တဲ့အခြေအနေတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာတယ်။ နောက် မလုံခြုံတဲ့နေရာတွေမှာဆို အလုခံရတာမျိုးတွေ ရှိလာတယ်" ဟု ပြောသည်။

စစ်ရေး၊ နိုင်ငံရေးအကျပ်အတည်းများကြောင့် နေ့စဉ်လူမှုဘဝမလုံခြုံမှု၊ ဝမ်းရေးလုံလောက် ဖူလုံမှုမရှိခြင်းတို့ကြောင့် တောင်းရမ်းစားသောက်သူများပြားလာပြီး ခိုးဆိုးလုယက်မှုများလည်း နေ့စဉ်ဖြစ်ပွားလျက်ရှိသည်ဟု ဒေသခံများက ပြောသည်။

အမ်းမြို့မှ အိမ်ထောင်ရှင်မတစ်ဦးဖြစ်သည့် ဒေါ်မိုးမိုးက "အစ်မတို့အနေနဲ့ကတော့ သိပ်မထူးဘူးလို့ မြင်ပါတယ်။ လူတွေက တိုက်ပွဲရဲ့ အကျိုးဆက်တွေ ခံနေရတုန်းပဲ။ သွားလာရေးနည်းနည်း ပြန်အဆင်ပြေတာပဲရှိတယ်။ စီးပွားရေး၊ လူမှုရေးအခြေအနေတွေက အရင်ထက် ပိုပိုဆိုးဝါးလာပါတယ်" ဟု ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ရခိုင်တွင် ကုန်စျေးနှုန်းများ၊ စားသုံးဆီနှင့် စက်သုံးဆီ စျေးနှုန်းများလည်း အဆမတန်စျေးမြင့်တက်လာခြင်းတို့ကြောင့် ဒေသခံလက်လုပ်လက်စားများမှာ နေ့စဉ်စားဝတ်နေရေးအတွက် အခက်အခဲအကျပ်အတည်းများကို ရင်ဆိုင်နေကြရကြောင်း သိရသည်။

ယင်းသို့ မိသားစုစားဝတ်နေရေးအတွက် ခိုးဆိုးလုယက်၊ ဓားပြတိုက်၊ လူသတ်မှုများပင် ရခိုင်ပြည်တွင်း အမြို့မြို့အနယ်နယ်တို့တွင် နေ့စဉ်ရက်ဆက်ဆိုသလို ဖြစ်ပွားလျက်ရှိသည်ဟုလည်း ဒေသခံများက ပြောသည်။

အချို့ မြို့၊ ရပ်ကွက်၊ ကျေးရွာများတွင် ညအချိန်များ၌ ကိုယ်ထူကိုယ်ထ ကင်းစောင့်ပြီး အိပ်နေကြရသည် အထိ တရားဥပဒေ စိုးမိုးမှုအားနည်းလျက်ရှိသည်ဟုလည်း ဆိုကြသည်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း ရခိုင်ပြည်နယ်အတွင်း အမှုအခင်းဖြစ်ပွားမှုများပြားသည်ကို အချက်အလက်များအရတွေ့မြင်ရပြီး တရားဥပဒေစိုးမိုးရေးနှင့် ဥပဒေနှင့်အညီ စနစ်တကျရှိစေရေး ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်ကြရမည်ဟု ပြီးခဲ့သည့်မတ်လ ၃၁ ရက်၊ မွန်းလွဲပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများအား ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ တွေ့ဆုံအမှာစကားပြောစဉ် ထည့်သွင်း ပြောဆိုသွားခဲ့သော်လည်း ရခိုင်တွင် ဒုစရိုက်လုပ်ငန်းများ ဆက်လက် မြင့်တက်နေဆဲဖြစ်ကြောင်း သိရှိရသည် (NN-7)

 

ဆက်စပ် သတင်းများ