တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

နယ်စပ်မြို့ မောင်တောတွင် သင်္ကြန်ကာလလိုက်နာရမည့်စည်းကမ်းချက်များကြေညာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ ဧပြီ ၂၀၂၃
  • | ကြည့်ရှုသူ: 3.3k

နိရဥ္စရာ၊ ဧပြီ ၁၂/၂၀၂၃

ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ်မြို့ မောင်တောတွင် သင်္ကြန်ကာလအတွင်း လိုက်နာရမည့် စည်းကမ်းများကို မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ က ဧပြီ ၉ ရက်က ထုတ်ပြန် ကြေညာသည်။

အဆိုပါစည်းကမ်းချက်များမှာ မောင်တောမြို့တွင် သင်္ကြန်ကာလအတွင်း မျက်နှာဖုံးများမတပ်ဆင်ရန်၊ သံသယဖြစ်စရာ လက်နက်ကိရိယာများမကိုင်ဆောင်ရန်၊ မူးယစ်ဆေးဝါးများမသုံးစွဲရန်နှင့် ရေလောင်းမဏ္ဍပ်များကို ညနေ ၆ နာရီနောက်ဆုံးထား ပိတ်သိမ်းရမည်စသည့်အချက်များဖြစ်သည်။

အဆိုပါစည်းကမ်းချက်များကို ဧပြီလ ၉ ရက်မှစတင်ကာ မြို့နယ်ထွေ/အုပ်က မြို့ကိုလှည့်လည် အသံချဲ့စက်များဖြင့် ကြေညာလျက်ရှိသည်ဟု ဒေသခံများက ပြောသည်။

မောင်တောမြို့ခံဦးသန်းမောင်က "မျက်နှာဖုံးနဲ့ ရေမလောင်းရ၊ ဓား၊ တုတ်မယူရ၊ မသယ်ဆောင်ရ၊ မူးယစ်ဆေးဝါးမသောက်သုံးရ၊ မနက်ကနေ ညနေ ၆ အထိပဲ မဏ္ဍပ်တွေက ရှိနေရမယ်။ ရမ်းကားမှုတွေ ဖြစ်ပေါ်စေရေးအတွက် စည်းကမ်းချက်တွေ များကြီးပဲကြေညာချက်တွေ ကြေညာခဲ့ပါတယ်"ဟု ပြောသည်။

ယခုကဲ့သို့ စည်းကမ်းချက်များထုတ်ပြန်ပါက စည်းကမ်းချက်များကို အုပ်ချုပ်သူများကိုယ်တိုင် လိုက်နာရန် လိုအပ်ကြောင်း  ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

"ခရိုင်ရုံးရှေ့ ၊ အထက (၁) ရှေ့မှာ သူတို့ မဏ္ဍပ်တွေစီစဉ်ထားပြီးပြီ။ အဓိက အခုလိုတွေ လိုက်ကြေညာတာဟာ ပြည်သူတွေအတွက်ထက် သူတို့လုံခြုံရေးကြောင့်လို့ မြင်ပါတယ်။ ဘာပဲပြောပြော  သူတို့ကိုယ်တိုင် ချမှတ်ထားတဲ့ စည်းကမ်းကို လိုက်နာဖို့လိုတယ်။ အရပ်သားတွေကိုလည်း ောင့်ကြည့်မှုတွေရှိနိုင်တဲ့အတွက် သံချပ်ထိုးတာတွေကအစ အပြောအဆို အနေအထိုင် ီနှစ်မှာ ပြည်သူတွေအနေနဲ့ ပိုသတိထားဖို့ လိုအပ်တယ်လို့တော့ မြင်ပါတယ်"ဟုပြောသည်။

ရခိုင်မှ တခြားမြို့များနည်းတူ မောင်တောမြို့တွင်လည်း စစ်ကောင်စီ၏ မြို့နယ်၊ ခရိုင်အုပ်ချုပ်ရေးအဖွဲ့မှ ဦးစီးကာ သင်္ကြန်မဏ္ဍပ်ဆောက်ကာ စည်စည်ကားကားကျင်းပရန် ပြင်ဆင်လျက်ရှိသည်ဟု ဒေသခံများက ပြောသည်။

ယခုနှစ်သင်္ကြန်ကို ရခိုင်တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA)တို့က သက်ဆိုင်ရာ မြို့နယ်များတွင် သင်္ကြန်ကို စည်စည်ကားကားကျင်းပရန် ပြင်ဆင်လျက်ရှိနေကြပြီး လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံရေး အခြေအနေတည်ငြိမ်မှုမရှိသဖြင့် သင်္ကြန်ကာလအတွင်း ရခိုင်သူ ရခိုင်သားများအနေဖြင့် သတိထား၍ ပျော်ပါးကြရန် ရခိုင်လူကြီးမိဖများက မေတ္တာရပ်ခံထားသည်ဟု သိရှိရသည်။  (NN-7)

 

(ပုံစာ- လွန်ခဲ့သောနှစ်က မောင်တောသင်္ကြန်မြင်ကွင်း)

ဆက်စပ် သတင်းများ