တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

စစ်တွေတွင် စွန့်ပစ်ပလတ်စတစ်များကို အသုံးပြုကာ ပလတ်စတစ်အိတ်နှင့် ပလတ်စတစ်ကြိုးခွေများ ထုတ်လုပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ ဧပြီ ၂၀၂၃
  • | ကြည့်ရှုသူ: 1.5k

နိရဥ္စရာ၊ ဧပြီ ၁/ ၂၀၂၃

ရခိုင်ပြည်နယ်၊စစ်တွေမြို့နယ်၊ သိန်းတန်ကျေးရွာရှိ “PP& DOLLAR" ပလတ်စတစ်အမျိုးမျိုးထုတ်လုပ်ဖြန့်ချိရေးစက်ရုံက စွန့်ပစ်ပလတ်စတစ်များကို အသုံးပြုကာပလတ်စတစ်အိတ်နှင့် ပလတ်စတစ်ကြိုးခွေများအဖြစ် ပြန်လည်ထုတ်လုပ်နေကြောင်း သိရှိရသည်။


ယင်းသို့ ကုန်ချောအဖြစ်ထုတ်လုပ်နိုင်ရန် စွန့်ပစ်ပလတ်စတစ် တစ်ပိဿာလျှင် မြန်မာကျပ် ၁၀၀၀ မှ ၁၅၀၀ ကျပ်အထိ ပေးဝယ်ကာ ပိဿာ ၂၀ အထက်ဆိုလျှင် အိမ်တိုင်ယာရောက် လာဝယ်လျက်ရှိသည်ဟု စက်ရုံပိုင်ရှင် ကိုဝင်းဇော်လတ်က ပြောသည်။

ပလတ်စတစ်ပစ္စည်းဆိုရင် အကုန်လုံးဝယ်ပါတယ်။ ဖူဂျီဘူး၊ အချိုရည်ဘူးတွေ၊ ပလတ်စတစ်ခုံအဟောင်းတွေ၊ ရေချိုးဆပ်ပြာရည်ဘူးတွေ၊ ပလတ်စတစ်အိတ်တွေ အကုန်လုံးကို ဝယ်ပါတယ်။ ရေသန့်ဘူးခွံတစ်ခုကိုပဲ recycle ပြန်လုပ်လို့မရတဲ့အတွက် ကျနော်တို့မဝယ်ဘူးဟု ပြောသည်။

အဆိုပါစက်ရုံက စွန့်ပစ်ပလတ်စတစ်ပစ္စည်းများကိုအသုံးပြုပြီး ပလတ်စတစ်အိတ်နှင့် ပလတ်စတစ်ကြိုးခွေများကိုထုတ်လုပ်ကာ စစ်တွေအပါအဝင် ပုဏ္ဏားကျွန်း၊ မြောက်ဦးနှင့် ပေါက်တောမြို့များကို ဖြန့်ချိပေးနေသည်ဟု သူက ဆိုသည်။

ပလတ်စတစ်အိတ်တွေဆိုတာက မြေမှာမြုပ်သွားရင်လည်း နှစ်ပေါင်း ၂၀ လောက်ဆိုရင်လည်း မဆွေးဘူး။ မြစ်ချောင်းအင်းအိုင်တွေမှာ စွန့်ပစ်တယ်ဆိုရင်လည်း ရေနေသတ္တပဝါတွေအတွက် အရမ်း အန္တရာယ်များပါတယ်။ ဒီလိုမျိုးလုပ်ရပ်ကြောင့် မြို့သန့်ရှင်းရေးအတွက် အထောက်အကူဖြစ်သွားနိုင်ပါတယ်။ ပြည်သူဘက်က ပူးပေါင်းမှုအားကောင်းလာတယ်ဆိုလို့ရှိရင် ၇၀ ရာခိုင်နှုန်းလောက်ကိုတော့ မြို့သန့်ရှင်းရေးအတွက် ကျနော်တို့ ထိန်းသိမ်းပေးလို့ရပါတယ်ဟုပြောသည်။

ပလတ်စတစ်ပစ္စည်းများသည် နှစ်ပေါင်း ၁ဝဝ ကျော်အထိ ဆွေးမြေ့ပျက်စီးမှုမရှိဘဲ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုဖြစ်စေသည့် အရာဖြစ်သည်ဟု သိရသည်။

ပလတ်စတစ်များကို စည်းကမ်းမဲ့ စွန့်ပစ်ထားပါက ကုန်းနေ၊ ရေနေသတ္တဝါများအတွက် ဘေးဥပါဒ်ဖြစ်စေသလို မီးရှို့ ဖျက်ဆီးလိုက်လျှင်လည်း လေထုညစ်ညမ်းမှုကိုဖြစ်စေသည်ဟု သိရသည်။

စစ်တွေမြို့ခံ ဒေါ်ကျော့မေက ပလတ်စတစ်ပစ္စည်းတွေကို အများဆုံးအသုံးပြုနေတဲ့ဆိုင်တွေ ကမ်းနားလမ်းဈေးဆိုင်တွေ၊ ဒီလိုမျိုး ပလတ်စတစ်အိတ်တွေကို အများဆုံးသုံးနေတဲ့ နေရာတွေကနေပြီးတော့ စနစ်တကျ ထုပ်ပိုးပြီးတော့ ပလတ်စတစ်အဟောင်းတွေကို ဝယ်တဲ့သူတွေကို ရောင်းပေးကြဖို့ ပြောချင်တယ်။ ပလတ်စတစ်အိတ်တွေက မြေမှာ စွန့်ပစ်တယ်ဆိုလို့ရှိရင်လည်း မြေဆီ၊ မြေသြဇာတွေ ပျက်စီးသွားတာတွေရှိတယ်ဟု ပြောသည်။

 

အဆိုပါစက်ရုံကို ပြီးခဲ့သည့် မတ်လအတွင်း စတင်ထူထောင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ (NN - 21)

 

ဆက်စပ် သတင်းများ