တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

ရခိုင်တွင် မူပိုင်ခွင့်နှင့်ပတ်သက်၍ လုပ်ငန်းရှင်များအား အသိပညာပေးဟောပြော


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ မေ ၂၀၂၃
  • | ကြည့်ရှုသူ: 547

ရခိုင်တွင် မူပိုင်ခွင့်နှင့်ပတ်သက်၍ လုပ်ငန်းရှင်များအား အသိပညာပေးဟောပြော

နိရဥ္စရာ၊ မေ ၁ / ၂၀၂၃

ရခိုင်ပြည်နယ မြို့တော် စစ်တွေမြို့ရှိ ဦးဥတ္တမခန်းမတွင် မူပိုင်ခွင့်နှင့်ပတ်သက်ပြီး မူပိုင်ခွင့်ဥပဒေ၊ ယှဉ်ပြိုင်မှုဥပဒေ၊ ကုန်အမှတ်တံဆိပ်များအားလုံးအသစ်ပြုလုပ်ခြင်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲတစ်ခုကို ယမန်နေ့က ပြုလုပ်ခဲ့သည်ဟု သိရသည်။

အဆိုပါဟောပြောပွဲကို စီးပွားကူးသန်းရောင်းဝယ်ရေး ဦးစီးဌာနက ယမန်နေ့ ဧပြီ ၃ဝ ရက်၊ နံနက် ၉ နာရီမှစတင်ကာ ညနေ ၅ နာရီအထိ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု တက်ရောက်ခဲ့သူများက ပြောသည်။

အဆိုပါ ဟောပြောပွဲတွင် မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်နှင့် ဥပဒေပညာရှင် ဦသန်းမောင်တို့က ဟောပြောခဲ့ကြပြီး ရခိုင်ပြည်နယ်မှ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင် (၅၀) ကျော်ခန့်က တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ထို့သို့ ဟောပြောခဲ့မှုကြောင့် အတုအပလုပ်ခြင်းများ၊ ဆင်တူယိုးမှားပြုလုပ်ခြင်းများကို ကာကွယ်ပေးနိုင်မည့် အသိအမြင်များရရှိခဲ့သည်ဟု ဟောပြောပွဲသို့တက်ရောက်ခဲ့သူ လခြမ်းမြီ ဓနိဖူးလက်ဖက်ခြောက်လုပ်ငန်းပိုင်ရှင် မစန္ဒာဌေးက ပြောသည်။

 

"ကျမတို့အလုပ်တစ်ခုလုပ်တယ်ဆိုရင် မှတ်ပုံတင်တော့ တင်ပြီးသားပေါ့။ လုပ်ငန်းမှတ်ပုံတင် တင်ထားပေမဲ့ မူပိုင်ခွင့်ဆိုတာမရှိဘူး။ မူပိုင်ခွင့်မှတ်ပုံတင်မရှိတော့ အတုအပတွေ လုပ်ကြပါတယ်။ အဲလိုမျိုး ဆင်တူယိုးမှားလုပ်တာတွေ အတုအပလုပ်တာတွေကို ကာကွယ်နိုင်အောင်ဆိုပြီးတော့ အဲဒါတွေကို သူတို့က အသိပညာပေး ဟောပြောခဲ့တာပါ"ဟုပြောသည်။

ရခိုင်ပြည်နယ်ရှိ ပုဂ္ဂလိကလုပ်ငန်းရှင်များအနေဖြင့် ကုန်ပစ္စည်းထုတ်လုပ်မှု၊ ဝန်ဆောင်မှုတို့ကို ရသင့်ရထိုက်သော အကျိုးအမြတ်များကို ရရှိစေရေး၊ မိမိပစ္စည်း၏ အရည်အသွေး၊ ဈေးနှုန်း၊ ဆန်းသစ်တီထွင်မှုများဖြင့် ပြည်တွင်း၊ ပြည်ပဈေးကွက်များသို့ ထိုးဖောက်နိုင်ရေးတို့ကို ရည်ရွယ်၍ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (NN - 21)

ဆက်စပ် သတင်းများ