တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

တရားရုံးများတွင် စစ်ဆေးဆဲ ပြစ်မှုဆိုင်ရာမှုခင်းများအား ဇူလိုင်လနောက်ဆုံးထား၍ ပြီးပြတ်အောင် ဆောင်ရွက်မည်ဟု စစ်ကောင်စီဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ မေ ၂၀၂၃
  • | ကြည့်ရှုသူ: 546

(ရခိုင်မှ AA နှင့်ဆက်စပ်အမှုများလည်း ပါလာနိုင်ဟု ရှေ့နေပြော)

နိရဥ္စရာ၊ မေ ၄ / ၂၀၂၃

တရားရုံးများတွင် ကျန်ရှိနေသေးသည့် စစ်ဆေးဆဲ ပြစ်မှုဆိုင်ရာမှုခင်းများအား ယခု ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးထား၍ ပြီးပြတ်အောင် ဆောင်ရွက်သွားမည်ဟု စစ်ကောင်စီက ပြောဆိုသည်။

စစ်ကောင်စီ၏ တရားရုံးစစ်ဆေးဆဲပြစ်မှုဆိုင်ရာမှုခင်းများ တရားစီရင်ရေး အထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က ဧပြီလ ၃ဝ ရက်က ပြည်ထဲရေးဝန်ကြီးဌာနရုံးအစည်းအဝေးခန်းမတွင်ပြုလုပ်သော တရားရုံး စစ်ဆေးဆဲပြစ်မှုဆိုင်ရာမှုခင်းများ အထောက်အကူပြုအဖွဲ့ အစည်းအဝေးတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

လက်ရှိတရားရုံးများတွင် ကျန်ရှိနေသေးသည့် စစ်ဆေးဆဲ ပြစ်မှုဆိုင်ရာမှုခင်းများကို လာမည့် ဇူလိုင်လအတွင်း နောက်ဆုံးထား၍ ပြီးပြတ်အောင်ဆောင်ရွက်ရေးအတွက် နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့များအနေဖြင့် စီမံချက်ရေးဆွဲဆောင်ရွက်နေကြောင်း သူတို့က အစည်းအဝေးတွင် ပြောဆိုခဲ့သည်။

သူတို့၏ပြောဆိုချက်တွင် ပြစ်မှုဆိုင်ရာမှုခင်းများဟု သုံးစွဲထားသည့်အတွက် ရခိုင်မှ ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်ဖမ်းဆီးတရားစွဲဆိုခံနေရဆဲ အမှုများလည်း အကျုံးဝင်နေသည်ဟု စစ်တွေရှိ တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင်က နိရဥ္စရာသို့ ပြောသည်။

"ပြစ်မှုဆိုတာမှာ ရာဇသတ်ကြီးဥပဒေအရစွဲဆိုတဲ့ ပြစ်မှုများနဲ့ အထူးဥပဒေများအရစွဲဆိုသော အမှုများဆိုပြီးတော့ ရှိတယ်။ အဲဒါတွေအားလုံးဟာ ပြစ်မှုဆိုင်ရာအမှုထဲမှာ အကျုံးဝင်တယ်။ ၅၀၅(က)ပုဒ်မ၊ ၁၇(၁)ပုဒ်မတို့လည်း ပါတယ်ပေါ့နော်။ ဆိုတော့ အခုကြေညာချက်အရဆိုရင် AA နဲ့ဆက်စပ်တဲ့အမှုတွေလည်း ပါဝင်လာနိုင်ပါတယ်" ဟု ပြောသည်။

ရခိုင်တိုက်ပွဲကာလအတွင်း စစ်ကောင်စီက ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်မှုဖြင့် ဖမ်းဆီးတရားစွဲဆိုထားသည့် အရပ်သားအများအပြားရှိနေပြီး ယင်းအမှုများအားလုံးတွင် တရားလိုမရောက်ရှိသည့်အတွက် တရားစီရင်မှု ကြန့်ကြာလွန်းနေသည်ဟု မိသားစုဝင်များက ပြောဆိုကြသည်။

ရခိုင်တိုက်ပွဲကာလတွင် အပြစ်မဲ့အရပ်သားပြည်သူ ၅၉၄ ဦးကို မတရားဖမ်းဆီးချုပ်နှောင်ခဲ့ပြီး ယင်းအထဲမှ ၃၉၁ ဦးသာ လွှတ်ပေးသေးပြီး ကျန် ၂၀၃ ဦးမှာ ဖမ်းဆီးချုပ်နှောင်ခံထားရဆဲဖြစ်ကြောင်း ULA/ AA ၏ စာရင်းများက ဆိုသည်။

စစ်ကောင်စီသည် ယင်းသို့ ဖမ်းဆီးထားသည့် အရပ်သားပြည်သူများအား မတရားအသင်း ဆက်သွယ်မှုပုဒ်မများဖြင့် တရားစွဲဆိုမှုများပြုလုပ်ခဲ့ပြီး တရားရုံးချိန်းတိုင်းတွင် စစ်ကောင်စီဘက်က တရားလိုများရောက်မလာဟုဆိုကာ အမှုကိုမစစ်ဆေးဘဲထားရှိကြောင်းလည်း ရခိုင်မြို့နယ်များမှ ဖမ်းဆီးခံထားရသူများ၏ မိသားစုဝင်များက နိရဥ္စရာသို့ပြောဆိုကြသည်။

တကျော့ပြန်တိုက်ပွဲကာလအတွင်း ပုဒ်မ ၁၇(၁)ဖြင့် တရားစွဲဆိုခံထားရသည့် တောင်ကုတ်မြို့ခံ ဦးသန်းထွန်း၏ ဇနီးက "အမိန့်ချရင်လည်း ချပေါ့။ အဲလိုမဟုတ်ဘဲ အပြစ်မထင်ရှားဘူးဆိုရင်လည်း အမြန်ဆုံးပြန်လွှတ်ပေးဖို့ကောင်းတယ်။ အိမ်ထောင်ဦးစီးတွေပဲ ရွေးဖမ်းထားပြီးတော့ အမှုကိုလည်း အချိန်အကြာကြီးဆွဲထားတော့ ကျွန်မတို့ မိသားစုတွေမှာ ဒုက္ခအကြီးကျယ်ရောက်နေရတယ်" ဟု ပြောသည်။

ယမန်နေ့ မေလ ၃ ရက်တွင်ကျရောက်သည့် ကဆုန်လပြည့်နေ့တွင် ၅၀၅(က)ပုဒ်မဖြင့် မြန်မာနိုင်ငံရှိအကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသူ ၂၁၅၃ ဦးကို စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သော်လည်း ယင်းအထဲတွင် ရခိုင်အကျဉ်းထောင်များမှ တစ်ဦးတစ်ယောက်မျှ ပါဝင်ခြင်းမရှိခဲ့ပေ။

လက်ရှိတွင် စစ်ကောင်စီသည် တရားရုံးစစ်ဆေးဆဲပြစ်မှုဆိုင်ရာမှုခင်းများ တရားစီရင်ရေး အထောက်အကူပြုအဖွဲ့နှင့် ၄င်း၏အထောက်အကူပြုအဖွဲ့ဖြစ်သည့် နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ကို ဖွဲ့စည်းကာ တရားရုံးစစ်ဆေးဆဲအမှုများ အမြန်ပြီးပြတ်ရေးကိုဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းသို့ဆောင်ရွက်လာရာ တရားစွဲအဖွဲ့အစည်းဖြစ်သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဥပဒေရုံးများနှင့် တရားရုံးများတွင် တွေ့ရှိရသည့် အားနည်းချက်များအပေါ် သုံးသပ်ဆွေးနွေးခဲ့ပြီး ပထမအဆင့် ရည်မှန်းချက်အား ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအထိ သတ်မှတ်၍ တရားရုံးစစ်ဆေးဆဲ မှုခင်းများအား ရာနှုန်းပြည့်နီးပါးပြီးပြတ်အောင် ဆောင်ရွက်ခဲ့သည်ဟု သိရသည်။

ပထမအဆင့်အနေဖြင့် တရားရုံးစစ်ဆေးဆဲအမှုများကို တိုင်းဒေသကြီး / ပြည်နယ် တရားလွှတ်တော်ရုံး ၁၄ ရုံး၊ ခရိုင်တရားရုံး ၁၁၄ ရုံး ၊ မြို့နယ်တရားရုံး ၁၈ ရုံးနှင့် သီးသန့်တရားရုံး ၁၈၉ ရုံး စုစုပေါင်း ၆၂၅ ရုံးဖြင့် တရားစီရင်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှစ၍ ဆူပူမှုဖြစ်စဉ်များနှင့်ဆက်စပ်ပြီး အရေးယူထားသည့်အမှုများအနက် သီးသန့်တရားရုံးကိုင်၍ စစ်ဆေးဆဲအမှုများ၊ အကြမ်းဖက်မှုနှင့်ဆက်စပ်၍ ကျူးလွန်ခဲ့သည့်ပြစ်မှုများ၊ သီးသန့်တရားရုံးဖြင့် စစ်ဆေးသင့်သည့်အမှုများ၊ အချုပ်တရားခံ နှစ်နှစ်နှင့်အထက် ကြန့်ကြာ နေသည့်ရာဇဝတ်မှုများနှင့် ထူးခြားထင်ရှားသော အမှုများကို ဦးစားပေးအဖြစ် သတ်မှတ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ (NN-23)

ဆက်စပ် သတင်းများ