တနင်္ဂနွေ၊ မေလ ၁၂ရက်၊ ၂၀၂၄

မိုခါမုန်တိုင်းတိုက်ပြီးနောက် ပေါက်တောသဲခုံကျေးရွာ မြေနေရာ ၂ ပေခန့် နိမ့်ကျသွား၍ အန္တရာယ်ရှိနေသဖြင့် နေရာပြောင်းရွှေ့ခွင့်ရရန် စစ်ကောင်စီထံ စာတင်ထားသော်လည်း တစ်လခန့်ကြာသည်အထိ အကြောင်းမပြန်သေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 503

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ မြေငူကျွန်း မြောက်ပိုင်းတွင် တည်ရှိသည့် သဲခုံကျေးရွာသည် မိုခါမုန်တိုင်းအတွင်း တစ်ရွာလုံးနီးပါးပျက်စီးခဲ့ရပြီး ကျေးရွာ၏  မြေမျက်နှာပြင်မှာလည်း  မုန်တိုင်းတိုက်ခတ်ပြီးနောက် ယခင်ကထက် ၂ ပေခန့် နိမ့်ကျသွားသဖြင့ ဘေးအန္တရာယ်အဆင့်ရှိနေ၍ ရွာနေရာပြောင်းရွှေ့ခွင့်ရရန် စစ်ကောင်စီထံ စာတင်တောင်းဆိုထားသော်လည်း တစ်လခန့် ကြာသည်အထိ အကြောင်းပြန်ကြားခြင်း မရှိသေးဟု ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။

အဆိုပါကျေးရွာသည် နှစ်စဉ်နှစ်တိုင်း ပင်လယ်ရေ တိုက်စားခံနေရပြီး ပြီးခဲ့သည့်မေလ ၁၄ ရက်ကတိုက်ခတ်ခဲ့သည့် မိုခါဆိုင်ကလုန်းမုန်တိုင်းအတွင်းတွင်လည်း တစ်ရွာလုံး ရေနစ်မြုပ် ျက်စီးခဲ့ရသည်ဟု သိရသည်။

 

ယခုအချိန်အထိလည်း ဒီရေလှိုင်းလုံးများ ဝင်ရောက်နေ၍ အိမ်များပြန်လည် တည်ဆောက်ရန် ခက်ခဲနေပြီး ရွာသားများဘ၀  ပြန်လည်နာလန်ထူရေးမှာလည်း များစွာ အခက်အခဲ ရှိနေကြောင်း ဒေသခံများက ပြောသည်။

ယင်းအပြင် အဆိုပါရွာသည် မိုခါမုန်တိုင်းမတိုက်မီအချိန်ကပင် ပင်လယ်ရေတိုက်စားမှုကြောင့် နှစ်စဉ်နှစ်တိုင်း ကမ်းပါးပြိုကျမှုဒဏ်ကို ခံခဲ့ရပြီး လက်ရှိတွင်လည်း မုန်တိုင်းကြောင့် သဲခုံကျေးရွာမြေမျက်နှာပြင်မှာ ယခင်ကထက် ၂ ပေခန့်နိမ့်ကျသွားသဖြင့် သဘာဝ ဘေးအန္တရာယ်ကို စိုးရိမ်နေရကြောင်း ဒေသခံများက ပြောသည်။



ထို့ကြောင့် သဲခုံကျေးရွာ၌ဆက်လက်နေထိုင်ရန် စိုးရိမ်ကြောင့်မှုများရှိနေကြပြီး ရွာနေရာ အသစ်ပြောင်းရွှေ့ပေးကြရန်အတွက် ပြီးခဲ့သည့်ဇွန်လ ၁၀ ရက်က ပေါက်တောမြို့နယ် အုပ်ချုပ်ရေးမှူးရုံးထံ စာတင်တောင်းဆိုထားခဲ့ကြောင်း သဲခုံကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းက နိရဉ္စရာသို့ပြောသည်။

"ဒီလိုနေရတာက စိုးရိမ်မှုတွေရှိတယ်။ ရွာပြောင်းဖို့အတွက်လည်း အစိုးရဆီမှာ စာတင်ထားတယ်။ သူတို့ဘက်ကတော့ တစ်ခုမှပြန်မပြောသေးဘူး။ ဒီလိုမျိုး ရေမနစ်မြုပ်တဲ့ နေရာတွေမှာတော့ နေချင်တာပေါ့။ ဒီရွာမှာက နှစ်တိုင်းနှစ်တိုင်း ရေတိုက်စားလို့ ကမ်းတွေပြိုတယ်။ နေရတာအဆင်မပြေဘူး။ တခြားနေရာကိုပြောင်းရွှေ့ပေးပါဆိုပြီးတော့ စာထဲမှာရေးထားတယ်။ တစ်ရွာလုံးရဲ့တောင်းဆိုချက်ပါ။ အခုက အားလုံးပျက်သွားတော့ ဖြစ်သလိုနေနေရတယ်။ မိုးရာသီဆိုတော့လည်း ဒီရေတက်တဲ့အချိန်ဆိုရင် စိုးရိမ်ရတာပေါ့" ဟုပြောသည်။

အဆိုပါသဲခုံကျေးရွာသည် ငါးဖမ်းလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည့်ကျေးရွာဖြစ်ပြီး လူဦးရေ ၁၇၀၀ ကျော်နေထိုင်လျက်ရှိသည်ဟု သိရသည်။

မုန်တိုင်းကြောင့်နေအိမ် ၄၀၀ နီးပါးမှာ မြစ်ရေနှင့်အတူ မျောပါသွားပြီး အခြားကျန်ရှိသည့် နေအိမ်များမှာလည်း မုန်တိုင်းကြောင့်ပျက်စီးသွားသည့်အပြင် ငါးဖမ်းစက်လှေများနှင့် ငါးဖမ်းပိုက်များမှာလည်း ပျက်စီးဆုံးရှုံးသွားရကြောင်း ဒေသခံများကပြောသည်။

အဆိုပါသဲခုံကျေးရွာတွင် မုန်တိုင်းကြောင့် နေအိမ်အားလုံး ပျက်စီးသွားခဲ့ရပြီးလက်ရှိ အချိန်အထိ နေအိမ်များကို ခိုင်ခိုင်မာမာပြန်လည်တည်ဆောက်နိုင်ခြင်းမရှိသေးသလို ငါးဖမ်းပစ္စည်းများလည်း ပျက်စီးဆုံးရှုံးသွားသဖြင့် စီးပွားရေးလုပ်ငန်းများလည်း ပြန်လည်မစတင်နိုင်သေးကြောင်း သဲခုံကျေးရွာနေအမျိုးသမီးတစ်ဦးက နိရဉ္စရာသို့ပြောသည်။




"ရွာမြေနဲ့ မြစ်ရေပြင်နဲ့က တပြေးညီလိုဖြစ်သွားပြီ။ ကျမတို့က ဘယ်နေ့မုန်တိုင်းထဖြစ်ပြီးတော့ အသက်အန္တရာယ်ထိခိုက်မလဲဆိုတာကို စိုးရိမ်နေကြရပါတယ်။ အစိုးရက ရွာနေရာ အသစ်ချပေးရင်တော့ နေချင်တယ်။ အဲဒီလိုမျိုးချပေးသင့်တယ်လို့လည်း ထင်တယ်။ လိုင်းကာနံရံတွေလုပ်ပေးရင်တော့ နည်းနည်းအဆင်ပြေမယ်။ အဲလိုဆိုရင်တော့ နေရဲမယ်။ ဒီနေရာမှာက အသက်အန္တရာယ်ကအရမ်းစိုးရိမ်စရာဖြစ်သွားပြီ။ အခြားနေရာတစ်ခုကို ကိုယ်တိုင်ပြောင်းရွှေ့နေထိုင်ဖို့ကလည်း မတတ်နိုင်ဘူး။ ပိုက်ဆံရှိတဲ့သူတွေပဲနေနိုင်မယ်။ ဆင်းရဲသားတွေကတော့ ဒီလိုနေနေရတာပဲ" ဟုပြောသည်။

မိုခါမုန်တိုင်းကြောင့် ရွာလုံးကျွတ်ပျက်စီးသွားပြီးနောက် မြေလည်း နိမ့်ဆင်းသွားသဖြင့် နောင်ဖြစ်လာမည့် သဘာဝဘေးအန္တရာယ်များကို စိုးရိမ်နေကြရသည်ဟုလည်း ရွာသားများက ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ပေါက်တောမြို့နယ်အုပ်ချုပ်ရေးမှူးကို နိရဥ္စရာက ဆက်သွယ် နေသော်လည်း အဆက်အသွယ်မရသေးပါ။

မုန်တိုင်းတိုက်ပြီးနောက် သဲခုံကျေးရွာသားများကို စစ်ကောင်စီက တစ်ဦးလျှင် ဆန် နို့ဆီဗူး ၆ ဗူး စီသာ ထောက်ပံ့ပေးထားသေးပြီး ရွာနေရာအသစ်ချထားပေးရန် စာတင်တောင်းဆိုထားမှုကို လစ်လျူရှုထားဆဲဖြစ်ကြောင်း သိရသည်။ (NN-8)

ဆက်စပ် သတင်းများ