တနင်္ဂနွေ၊ မေလ ၁၂ရက်၊ ၂၀၂၄

ALP အဖွဲ့ဝင်အချို့ လုပ်ကြံခံရမှုနှင့်ဆက်စပ်၍ ဒေသခံတချို့ကို ALP ဖမ်းဆီးထား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 1.3k

(သူတို့အတွက် အသက်အန္တရာယ်စိုးရိမ်နေဟု မိသားစုဆို)

ဒေါ်စောမြရာဇာလင်းဦးဆောင်သော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)အဖွဲ့ကွဲမှ ပါတီဒုဥက္ကဋ္ဌ အပါအဝင် ၃ ဦး မကြာသေးခင်က လုပ်ကြံခံရမှုနှင့်ပတ်သက်ပြီး ALP က စစ်တွေဒေသခံအချို့ကို ဖမ်းဆီးထားသည်ဟု သတင်းရရှိသည်။

 

ဖမ်းဆီးခံထားရသူမှာ သုံးလေးဦးရှိပြီး ထိုအထဲတွင် မိသားစုနှင့်အတူ စစ်တွေမြို့၊ မင်းဘာကြီးလမ်း၊ အောင်မင်္ဂလာ ရပ်ကွက်(ဒေသအခေါ် အင်ဘာလာရပ်ကွက်)တွင် ရွှေပြည်သစ်ကားဝပ်ရှော့နှင့် ကားအပိုပစ္စည်းအရောင်းဆိုင်ကို ပူးတွဲဖွင့်လှစ်လုပ်ကိုင်နေသူ ကိုကျော်နိုင်ဦး(၃၃)နှစ်လည်း ပါဝင်သည်။  

နှစ်ကျော်အရွယ်သမီးငယ်၏ ဖခင်ဖြစ်သူ ကိုကျော်နိုင်ဦးကို ဇူလိုင်လ ၃ ရက်၊ ညနေပိုင်းတွင် ALP တပ်ဖွဲ့ဝင်အချို့က လည်ဂုတ်ကို ဆွဲပြီး ကားပေါ်တင်ကာ ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု အစ်မ ဒေါ်မဦးကြည်က ပြောသည်။

 

 ဒီ ALP ဆီရောက်သွားရင် ကျမတို့က အရမ်းစိုးရိမ်ရပါတယ်။ သူတို့လက်ထဲရောက်ရင် ဘာကြောင့် စိုးရိမ်ရလဲ ဆိုတော့ သူတို့ ALP ဟာ လူကို လူလို့ မထင်ဘူးလေ။ ဒါကြောင့် ကျမတို့က သူတို့တွေကို ကြောက်ပါတယ်။ စိုးရိမ်ရပါတယ်ဟု ပြောသည်။

ဖမ်းဆီးသည့်နေ့မှစတင်ကာ ယနေ့ ဇူလိုင်လ ၇ ရက်အထိ မည်သည့်အဆက်အသွယ်မျှမရရှိသလို ALP ဘက်ကလည်း မည်သည့်ဆက်သွယ်အကြောင်းကြားမှုမျိုးမရှိ၍ စိုးရိမ်နေရခြင်းဖြစ်သည်ဟု ဆိုသည်။

ALP အဖွဲ့ဝင်  ၃ ဦးလုပ်ကြံခံရမှုနှင့်ပတ်သက်ပြီး ကိုကျော်နိုင်ဦးအပါအဝင် စစ်တွေမြို့မှ နောက်ထပ် ဒေသခံ အချို့လည်း ALP ထံ ဖမ်းဆီးခံနေရသလို စစ်တွေဒေသခံလူငယ်အချို့လည်း ပျောက်ဆုံးနေသည်ဟု နိရဥ္စရာက သိရသည်။

 

ထိုသို့ ဖမ်းဆီးရာတွင် အမ်ဘာရာမဘုန်းတော်ကြီးကျောင်းမှ ၃ ဦးဖမ်းဆီးခံရသည်ဟု ကြားသိရကြောင်း ရဟန်းတော်တစ်ပါးက ပြောဆိုသော်လည်း နိရဉ္စရာအနေဖြင့် လက်ရှိအချိန်ထိ အတည်ပြုနိုင်ခြင်းမရှိသေးပါ။

နောက်ထပ်ဖမ်းဆီးခံရသူများအပါအဝင် ပျောက်ဆုံးနေသူများနှင့်ပတ်သက်ပြီး နိရဥ္စရာအနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ALP အတွင်းရေးမှူး ဗိုလ်မှူးခိုင်သူရိန်ကမူ သူတို့၏ခေါင်းဆောင်ပိုင်း ၃ ဦးလုပ်ကြံခံရမှုနှင့်ပတ်သက်ပြီး ဒေသခံ အချို့ကိုဖမ်းဆီးစစ်ဆေးနေသည်မှာ ဟုတ်မှန်သည်ဟု နိရဥ္စရာကို အတည်ပြုပြောသည်။

သို့သော် ဖမ်းဆီးခံထားရသူများ၏အသေးစိတ်ကိုမူပြောပြ၍မရဟုလည်း သူက ဆိုသည်။

ကျနော်ပြောပြလို့ရနိုင်တာကတော့ ကျနော်တို့ ဒီဟာတွေနဲ့ပတ်သက်လို့ပြီးတော့ ဆောင်ရွက်မှုတွေ ရှိနေတယ်။ ဒါပဲ ပြောပြနိုင်ပါတယ်ဟု ပြောသည်။

ပြစ်မှုကျူးလွန်သူများအား အမြန်ဆုံးဖမ်းဆီးရမိနိုင်ရေးကို စစ်ကောင်စီ ပြည်ထဲရေးနှင့် ALP တပ်ဖွဲ့ဝင်များ ပူးပေါင်း ဆောင်ရွက်နေသည်ဟုလည်း ဆိုသည်။

ယင်းအပြင် ဖမ်းဆီးထားသူများ၏မိသားစုဝင်များကိုလည်း ဆက်သွယ် အကြောင်း ကြားထားသည်ဟုလည် ALP အတွင်းရေးမှူး ဗိုလ်မှူးခိုင်သူရိန်က ပြောသည်။

သို့သော် ယင်းသို့ ဆက်သွယ်အကြောင်းကြားမှုများ လုံးဝမရှိဟု ဖမ်းဆီးခံထားရသည့် ကိုကျော်နိုင်ဦး၏အစ်မ ဒေါ်မဦးကြည်က နိရဥ္စရာကိုပြောသည်။

သူတို့ အလကား လျှောက်ပြောနေတာ။ ဆက်သွယ်လာတာမရှိဘူးဟု ပြောသည်။

စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်ရှိ ALP ရုံးထံ သွားရောက်စုံစမ်းမည်ဆိုသည်မှာလည်း ရခိုင်အချင်းချင်း ကြောက်နေရ၍ မသွားရဲသေးဟု ပြောသည်။

ရခိုင့်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့မှ ဒါရိုက်တာ ဦးမြတ်ထွန်းကမူ ALP က ယခုဖမ်းဆီးထားသူများကို ၂၄ နာရီထက်ကျော်လွန်ကာ ရဲတပ်ဖွဲ့(သို့မဟုတ်) တရားရုံးသို့ မပို့ဘဲ ဆက်လက်ဖမ်းဆီးချုပ်နှောင်ထားပါက လက်ရှိ မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေနှင့်  လူ့အခွင့်အရေး ချိုးဖောက်ခြင်းပင်ဖြစ်သည်ဟု နိရဥ္စရာကိုပြောသည်။

တရားစွဲမလား၊ သို့တည်းမဟုတ် ရဲကိုပို့မလား၊ ရဲကိုလည်း မပို့ဘဲ သူတို့အချုပ်ခန်းထဲမှာနေပြီးတော့ ဖမ်းဆီး ချုပ်နှောင်ထားတယ်ဆိုရင် ဒါကတော့ မတရားဖမ်းဆီးချုပ်နှောင်မှုဖြစ်သလို လက်ရှိ မြန်မာနိုင်ငံရဲ့ ဥပဒေနဲ့လည်း ကိုက်ညီမှု မရှိသလို ဒါက လူ့အခွင့်အရေးချိုးဖောက်မှုလို့ ပြောလို့ရတယ်ဟု ပြောသည်။

ဒေါ်စောမြရာဇာလင်းဥက္ကဋ္ဌအဖြစ်ဦးဆောင်သော ALP ပါတီအဖွဲ့ကွဲမှ ဒုတိယဥက္ကဋ္ဌ ခိုင်နီရောင်အပါအဝင် ၆ ဦးသည် ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်၊ နေ့လယ် ၁ နာရီခန့်က စစ်တွေမြို့၊ မင်းဂံရပ်ကွက်ရှိ ဒေါ်စောမြရာဇာလင်း၏နေအိမ်မှ အနက်ရောင်အိမ်စီးကားတစ်စီးဖြင့်အပြန် စစ်တွေတက္ကသိုလ်နှင့် ရထားသံလမ်းအနီးသို့အရောက်တွင် အမည်မသိ လက်နက်ကိုင်တစ်စု၏ သေနတ်ဖြင့်ပစ်ခတ်ခြင်းကိုခံခဲ့ရသည်။

ယင်းသို့ ပစ်ခတ်ခံခဲ့ရ၍ ALP ပါတီ ဒုတိယဥက္ကဋ္ဌ ခိုင်နီရောင်၊ ALA အမှတ် (၁ဝ၁) တပ်ရင်းမှ တပ်ရင်းမှူး ခိုင်ကျော်မင်းနှင့် တပ်သား ကျော်ကျော်နိုင်တို့မှာ ပွဲချင်းပြီး သေဆုံးသွားပြီး ကားပေါ်ပါလာသည့် တပ်ဖွဲ့ဝင် ၃ ဦးမှာလည်း လက်နှင့်ပေါင်တို့တွင် သေနတ်ဒဏ်ရာများရရှိခဲ့သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ကိုကျော်နိုင်ဦးအပါအဝင် စစ်တွေဒေသခံအချို့ ALP က ဖမ်းဆီးပြီး  စစ်ကောင်စီ ပြည်ထဲရေးဌာနနှင့် အတူ စစ်ဆေးနေခြင်းဖြစ်သည်။ (NN-16)

ဓာတ်ပုံ - ALP ထံ ဖမ်းဆီးခံထားရသည့် ကိုကျော်နိုင်ဦးအား တွေ့ရစဉ်။

ဆက်စပ် သတင်းများ