တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ရသေ့တောင်မြို့လျှပ်စစ်ဓာတ်အားခွဲရုံတွင် လုပ်ကိုင်နေသူ တစ်ဦးဓာတ်လိုက်သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 975

(ရခိုင်တွင် မုန်တိုင်းအလွန် ၂ လအတွင်း ဓာတ်လိုက်သေဆုံးသူ ၃ ဦးရှိပြီ)

ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့ လျှပ်စစ်ဓာတ်အားခွဲရုံမှ လုပ်သားလူငယ်တစ်ဦး ဓာတ်လိုက် သေဆုံးသွားခဲ့သည်ဟု သတင်းရရှိသည်။

 

ဇူလိုင်လ ၁၃ ရက်က မုန်တိုင်းသင့် ရသေ့တောင်မြို့လျှပ်စစ်ဓာတ်အားခွဲရုံတွင် လုပ်ကိုင်နေသည့် တောင်ကုတ်မြို့မှ ကိုဖြိုးမင်းဇော်(ခ)ပေါက်စချေဆိုသူမှာ ဓာတ်လိုက်ပြီးသေဆုံးခဲ့ကြောင်း ရသေ့တောင်မြို့ လျှပ်စစ်ဓာတ်အားခွဲရုံမှာ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောဆိုသည်။

 

၄င်းမှာ ရသေ့တောင်မြို့အရှေ့မြောက်ရပ်ကွက်တွင်နေထိုင်သူဖြစ်ပြီး ယင်းနေ့ညနေ ၆ နာရီလောက်က ရပ်ကွက်အတွင်း နေအိမ်တစ်အိမ်တွင်မီးပျက်နေ၍ သွားရောက်ပြုပြင်ပေးရာ ဝိုင်ယာကြိုးအပေါက်ကို ကိုင်မိစဥ် ဓာတ်လိုက်သေဆုံးခဲ့ခြင်းဖြစ်ကြောင်းသူက ပြောသည်။

 

" သူကအရှေ့မြောက်ရပ်ကွက်မှာနေတာပါ။ ရပ်ကွက်ထဲမှာ မီးပျက်နေတဲ့ အိမ်တစ်အိမ် သွားပြင်ပေးတာမှာ ဓာတ်လိုက်တာ။ သူ့ကိုတာဝန်ပေးတာမျိုးမဟုတ်ဘူး။ သူက အလွတ် သွားပြင်ပေးတာ။ Service ဝိုင်ယာကြိုးကို မတင်တော့ ဝိုင်ယာကြိုးအပေါက်ကိုကိုင်မိတာ" ဟု ပြောသည်။

 

မိုခါဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်ပြီးနောက် ၂ လတာကာလအတွင်း ရခိုင်တွင် ဓာတ်လိုက်ပြီး သေဆုံးသူ ၃ ဦးထိရှိလာကြောင်း သတင်းရရှိသည်။

 

နှစ်လအတွင်း ဓာတ်လိုက်သေဆုံးသွားသူ ၃ ဦးမှာ ရသေ့တောင်မြို့ လျှပ်စစ်ဓာတ်အားခွဲ ရုံတွင်လုပ်ကိုင်နေသည့် ဝန်ထမ်းတစ်ဦး၊ ဧရာဝတီ တိုင်းဒေသကြီးမှ လျှပ်စစ် လုပ်သားတစ်ဦးနှင့် စစ်တွေမြို့ဒေသခံတစ်ဦးတို့ ဖြစ်သည်။

 

ပြီးခဲ့သည့် ဇွန်လအတွင်းကလည်း စစ်တွေမြို့တွင် မုန်တိုင်းကြောင့် ပျက်စီးသွားသည့် ဓာတ်အားလိုင်းများအား လာရောက်လုပ်ကိုင်သည့် ဧရာ၀တီတိုင်းမှ လျှပ်စစ်လုပ်သားတစ်ဦးနှင့် ဒေသခံတစ်ဦးတို့သည် ဇွန် ၁၀ ရက်နေ့ တစ်ရက်တည်းတွင် ဓာတ်လိုက်ပြီး သေဆုံးသွားကြောင်း သိရသည်။

 

ဓာတ်လိုက်သေဆုံးသွားသူ လျှပ်စစ်လုပ်သားမှာ ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ သဲဂုန်ကျေးရွာမှ လျှပ်စစ်လုပ်သား ကိုသက်နိုင်ထွန်း(၂၅)နှစ်ဖြစ်ပြီး နောက်ထပ် သေဆုံးသူတစ်ဦးမှာ ဓမ္မာရုံသွပ်ခေါင်းမိုး မိုးနေသူ စစ်တွေဒေသခံတစ်ဦးသည်။

 

လျှပ်စစ်လုပ်သား ကိုသက်နိုင်ထွန်းသည် ဇွန်လ ၁၀ ရက်နေပိုင်းတွင် စစ်တွေမြို့၊ ကုန်တန်းရပ်ကွက်ရှိ နေအိမ်တစ်အိမ် လျှပ်စစ်မီးရရှိရေး အနီးရှိ ထရန်စဖော်မာအား စစ်ဆေးစဥ် ဓာတ်လိုက်ကာ သေဆုံးသွားခြင်းဖြစ်သည်။

 

ရခိုင်မှ ရသေ့တောင်၊ဘူးသီးတောင်၊မောင်တောစသည့်မုန်တိုင်းသင့်မြို့များတွင် လျှပ်စစ်မီး ပြန်လည်ရရှိသည်မှာသိပ်မကြာသေးသလို အဆိုပါမီးလိုင်းများတွင်လည်း ချို့ယွင်းပျက်စီးမှုများ ရှိနေနိုင်သည့်အတွက် ပြည်သူများအနေဖြင့် အထူးဂရုပြုရန်လိုအပ်ကြောင်း လျှပ်စစ်ပိုင်း ကျွမ်းကျင်သူများက သတိပေးပြောဆိုသည်။ (NN-23)

ဆက်စပ် သတင်းများ