စနေ၊ မေလ ၁၁ရက်၊ ၂၀၂၄

ပေါက်တောမြို့နယ်တွင် ဘောလုံးသွားကစားသည့် လူငယ်နှစ်ဦး ရေနစ်သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 1k

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ငပြီတက်ကျေးရွာတွင် ဘောလုံးသွားကစားသည့် ၄ တန်းကျောင်းသားတစ်ဦးနှင့် ၁၈ နှစ်အရွယ် လူငယ်တစ်ဦးတို့ ရေနစ်သေဆုံးသွားကြောင်း သတင်းရရှိသည်။

သေဆုံးသွားသူလူငယ် နှစ်ဦးမှာ ငပြီတက်ကျေးရွာမှ ဦးမောင်သာဟန်၏သား (၁၃)နှစ်အရွယ် ၄ တန်းကျောင်းသား မောင်ငြိမ်းချမ်းနိုင်နှင့် တစ်ရွာတည်းနေသူ ဦးမောင်သာစိန်၏သား (၁၈)နှစ်အရွယ် ကိုအောင်စိုးဝင်းတို့ဖြစ်ကြောင်းသိရသည်။

၎င်းတို့နှစ်ဦးသည် ဇူလိုင်လ ၂၀ ရက်၊ ညနေ ၅ နာရီကျော်က ငပြီတက်အထက်တန်းကျောင်းခွဲအနီးတွင် ဘောလုံးကစားနေစဉ် ဘက်ဟိုးနှင့်တူးထားသည့် ရေပြည့်နေသည့် ကျင်းထဲသို့  နှစ်ဦးစလုံးရေနစ်သေဆုံးသွားခြင်းဖြစ်ကြောင်း ကျေးရွာသားတစ်ဦးက နိရဉ္စရာသို့ပြောသည်။

"ဘောလုံးက အဲဒီကျင်းထဲပြုတ်ကျတာကို ဆင်းဆယ်တာမှာ တယောက်ကမြုပ်တယ်။ မြုပ်တာကို နောက်တစ်ယောက်ကဆင်းကယ်ရင်းနဲ့ နှစ်ယောက်စလုံးရေနစ်ပြီးဆုံးသွားပုံရပါတယ် " ဟု ပြောသည်။

၄င်းတို့နှစ်ဦးမှာ မိုးချုပ်သော်လည်း ပြန်မရောက်လာ၍ ရွာသားများကလိုက်လံရှာဖွေရာ ရေနစ်သေဆုံးနေသည့်အလောင်းများကို ယင်းနေ့ည ၈ နာရီအချိန်တွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း အဆိုပါငပြီတက်ကျေးရွာသားက ပြောသည်။

"ညကျောင်း(ကျူရှင်) ဆင်းချိန်လည်းဖြစ်နေတော့ လေးတန်းကျောင်းသားကလေးက မိုးရေချိုးဖို့သွားမယ်ဆိုပြီးတော့ အိမ်မှာ မိဘတွေကို ပြောပြီးထွက်လာတာလို့ သိရတယ်။ ပြီးတော့ နောက်တစ်ယောက်ကိုခေါ်ပြီးသွားကြတာလို့ သိရပါတယ်" ဟု ပြောသည်။

သေဆုံးသူနှစ်ဦးအား ယင်းနေ့ည ၁၁ နာရီကပင် ညဉ့်တွင်းချင်း သင်္ဂြိုလ်လိုက်ရသည်ဟု ရွာသားများက နိရဉ္စရာသို့ပြောသည်။

ဇူလိုင်လ ၁၄ ရက်လည်း မင်းပြားမြို့နယ်၊ စွန်ရဲကျေးရွာမှ အသက် ၄၅ နှစ်အရွယ်အမျိုးသမီး တစ်ဦးလည်း ရေနစ်သေဆုံးသွားကြောင်း သိရသည်။

အလားတူ ဇူလိုင်လ ၁ဝ ရက်က ပုဏ္ဏားကျွန်းမြို့ရှိ ပြုပြင်ဆဲ ဦးရာဇ်မင်္ဂလာကြိုးတံတားပေါ်မှ အမျိုးသားတစ်ဦးပြုတ်ကျကာ သေဆုံးသွားခဲ့သည်။

ယင်းအပြင် ဇူလိုင်လ ၈ ရက်ကလည်း ကျောက်ဖြူမြို့၊ င/ လပွေ့ရပ်ကွက်မှ ၆ တန်းကျောင်းသား နှစ်ဦးမှာ င/လ ပွေ့ ချောင်းကို လက်ပစ်ဖြတ်ကူးစဉ် ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။ (NN-23)

ဆက်စပ် သတင်းများ