သောကြာ၊ မေလ ၁၀ရက်၊ ၂၀၂၄

မြောက်ဦးမှ ကိုရင်ဆို့(ခေါ်)ကိုကျော်ဇံဝေအမှု စစ်ဆေးပြီးစီးသွား၍ အပြီးသတ်အမိန့်ချရန်သာကျန်တော့ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 1k

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် စစ်ကောင်စီက ဖမ်းဆီးထားသည့် ကိုရင်ဆို့(ခေါ်) ကိုကျော်ဇံဝေအမှုမှာ စစ်ဆေးပြီးစီးသွားပြီဖြစ်၍ အပြီးသတ်အမိန့်ချရန်သာ ကျန်တော့သည်ဟု မိသားစုဝင်များက နိရဉ္စရာသတင်းဌာနကိုပြောသည်။

မိသားစုဝင်တစ်ဦးက "အမှုအခြေအနေကတော့ စစ်လို့ အကုန်ပြီးပြီလို့ပြောလို့ရတယ်။ နောက်ဆုံး အပြီးသတ်အမိန့်ချမှတ်မယ့် အဆင့်သာ ရှိပြီ" ဟု ပြောသည်။

အသက် ၃၀ ကျော်အရွယ် ကိုရင်ဆို့(ခေါ်)ကိုကျော်ဇံဝေကို ပြီးခဲ့သည့်ဇူလိုင်လ ၁၈ ရက်က နောက်ဆုံးရုံးထုတ်ခဲ့ပြီးနောက် အမှုအခြေအနေမှာ အပြီးသတ် အမိန့်ချမှတ်ရန်သာ ကျန်ရှိတော့ခြင်းဖြစ်သည်ဟု ဆိုသည်။

မည်သည့်နေ့တွင်အပြီးသတ်အမိန့်ချမှတ်မည်ကို မသိရသေးဟုလည်း မိသားစုဝင်တစ်ဦးက ဆက်ပြောသည်။

"ဆုံးဖြတ်ချက်တစ်ခုတော့ ပြတ်ပြတ်သား ချပေးစေချင်တယ်။ ကျရင်ကျ၊ မကျင်ရမကျဘူးပေါ့။ သူဖမ်းဆီးခံထားရတာလည်း တစ်နှစ်ပြည့်တော့မယ်။ ကြာနေပြီလေ။ သူ့အတွက်လည်း မကောင်းဘူး" ဟု ပြောသည်။

ကိုရင်ဆို့(ခေါ်)ကိုကျော်ဇံဝေကို နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာဥပဒေပုဒ်မ ၅ဝ၅(က)ဖြင့် စစ်ကောင်စီက အမှုဖွင့်ထားခြင်းဖြစ်သည်။

သူသည် မြောက်ဦးမြို့၊ တောင်ရပ်ရပ်ကွက်နေထိုင်သူဖြစ်ပြီး သူ၏ လူမှုကွန်ယက်စာမျက်နှာတွင် ဟာသဗီဒီယိုများနှင့် စစ်ရေး၊ နိုင်ငံရေး အခြေအနေများကိုမျှဝေရင်း လူသိများလာနေသူတစ်ဦးဖြစ်သည်။

သူ့ကိုပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်၊ နံနက် ၈ နာရီခန့်တွင် စစ်သားနှင့် ရဲအင်အား ၂၀ ခန့်က သူ၏နေအိမ်မှ ဝင်ရောက် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။

ယင်းနောက် သူ့ကို နိုင်ငံတော်အေးချမ်းသာယာရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမှုလုပ်ဆောင်ခဲ့သည်ဟုဆိုကာ ဖမ်းဆီးရခြင်းဖြစ်သည်ဟု စစ်ကောင်စီက စက်တင်ဘာ ၆ ရက်ထုတ် မြန်မာ့အလင်းသတင်းစာတွင် ထုတ်ပြန်ခဲ့သည်။ (NN-12)

ဆက်စပ် သတင်းများ