တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

တောင်ကုတ်မြို့တွင် မိုးသည်းထန်စွာရွာ၍ မြို့ပေါ်ရပ်ကွက်အချို့နှင့် လမ်းများရေနစ်


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၂၇ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 430

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့တွင် ဩဂုတ်လ ၂၆ ရက်ညပိုင်းကပင် မိုးသည်း ထန်စွာရွာသွန်းနေခဲ့၍ ပေါ်ရပ်ကွက်အချို့နှင့် ကမ္ဘောဇဘဏ်ရှိသည့် အမ်းလမ်းမကြီးတို့၌ ရေနစ်မြုပ်နေကြောင်း မြို့ခံများက နိရဥ္စရာသို့ပြောသည်။

တောင်ကုတ်မြို့၊ ကံပိုင်ရပ်ကွက်ရှိ က​မ္ဘောဇဘဏ်တည်ရှိရာ အမ်းလမ်းမကြီး၊ ဆေးရိုးတန်းလမ်း၊ ဂူတာရပ်ကွက်ရှိ အနိမ့်ပိုင်းလမ်းများမှာ သြဂုတ်လ ၂၇ ရက်၊ နံနက် ၁၀ နာရီကျော်ကပင် ရေနစ်မြုပ်နေကြောင်း မြို့ခံများက ပြောသည်။

အလားတူ မြေနိမ့်ပိုင်းဖြစ်သည့် အင်းခုံတောင်ရပ်ကွက်၊ သိမ်တောင်ရပ်ကွက်ရှိ မြေနိမ့်ပိုင်းနေရာများ၊ ချောင်းကောက်ရပ်ကွက် ဦးအောင်ဇေယျလမ်း နေရာတချို့တို့တွင် မိုးသည်းထန်စွာရွာပြီးနောက် ရေနစ်မြုပ်နေသည်ဟု ဆိုသည်။



ယင်းသို့ရေနစ်မြုပ်မှုကြောင့် အမ်းလမ်းမကြီးအပါအဝင် ရပ်ကွက်တချို့ရှိ စျေးဆိုင်ခန်းများ၊ ကုန်စုံဆိုင်များ၊ အပေါင်ဆိုင်များအပါအဝင် ဖုန်းပစ္စည်းဆိုင်များလည်း အောက်ထပ်သို့ ရေဝင်နစ်မြုပ်လျက်ရှိ၍ ဆိုင်တချို့ကို ပိတ်သိမ်းထားသည်ကို တွေ့ရသည်။

ယခုကဲ့သို့ မိုးတစ်ရက်ရွာသွန်းရုံနှင့် မြို့ပေါ်လမ်းမကြီးအထိရေနစ်မြုပ်သည်မှာ မြို့၏ရေဆင်းမြောင်း စနစ်တကျမရှိ၍ဖြစ်သည်ဟု မြို့ခံများက ဆိုကြသည်။

ယင်းကြောင့် မြို့နယ်စည်ပင်သာယာအဖွဲ့အနေဖြင့် ​ရေဆင်းမြောင်းစနစ် ကောင်းမွန်လာရန် ဆောင်ရွက်သင့်ကြောင်း မြို့ခံများက ပြောသည်။

တောင်ကုတ်မြို့တွင် သြဂုတ်လ ၈ ရက်ကလည်း မိုးသည်းထန်စွာရွာသွန်းခဲ့၍ မြေနိမ့်ပိုင်းရပ်ကွက်အချို့ ရေနစ်မြုပ်ခဲ့သလို တောင်ကုတ်မြို့မစျေးကိုလည်း ယာယီပိတ်ထားခဲ့ရသည်။

အလားတူ ပြီးခဲ့သည့် ဇူလိုင်လ ၃၁ ရက်ကလည်း မိုးအဆက် မပြတ်ရွာသွန်းမှု​ကြောင့် တောင်ကုတ်မြို့၊ ဂူတာရပ်ကွက်၊ ဆေးရုံကွက်သစ်မှ မြေနိမ့်ပိုင်းတချို့နှင့် အင်းခုံတောင်ရပ်ကွက်တို့တွင် တောင်ကျချောင်းရေ ဝင်ရောက် နစ်မြုပ်ခဲ့သေးသည်။ (NN-23)

 

ဆက်စပ် သတင်းများ