တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

ရသေ့တောင်တွင် အသက်မပြည့်သူ မိန်းခလေးငယ်အား အဓမ္မ ပြုကျင့်သည်ဟု စွပ်စွဲခံရသူလူငယ်ကို ဖမ်းဆီးစစ်ဆေးနေကြောင်း ULA/AA ထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.3k

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင်အသက် (၉)နှစ်အရွယ် ကျောင်းသူ တစ်ဦးအား အကြိမ်ကြိမ် အတင်းအဓမ္မပြုကျင့်မှုစွဲချက်နှင့်ပတ်သက်၍ စွပ်စွဲခံရသည့် လူငယ်အား ဖမ်းဆီးစစ်ဆေးနေကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော်ULA/AA) ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ယနေ့ အောက်တိုဘာလ ၇ ရက်၌  သူ၏ တယ်လီဂရမ်တွင် ရေးသားထားသည်။

လက်ရှိဖမ်းဆီးထိန်းသိမ်းထားသူမှာ ရသေ့တောင်မြို့နယ်၊ အလယ်ရွာချေမှ ဦးမောင်ဝေသိန်း၏သားဖြစ်သူ အသက် ၁၇ နှစ်ကျော် အရွယ် ရန်ထန်ရှိန်ဆိုသည့်လူငယ်ဖြစ်ကြောင်း သိရသည်။

၄င်းသည် ဝမ်းကွဲညီမတော်စပ်သူ သုံးတန်းကျောင်းသူ မ....အား အတင်းအဓမ္မပြုကျင့်မှု (၇)ကြိမ်အထိကျူးလွန်ထားပြီး ကလေးငယ်၏ အသက်အန္တရာယ်ကိုပါခြိမ်းခြောက်ထားကြောင်း နစ်နာသူကာယကံရှင် ကလေးငယ်နှင့် မျက်မြင်မိသားစုဝင်များက ရခိုင်သတင်းဌာနများသို့ ထုတ်ဖော်ပြောဆိုလာပြီးနောက် ဖမ်းဆီးထိန်းသိမ်းစစ်ဆေးနေကြောင်း ULA/AA က ထုတ်ပြန်လာခြင်းဖြစ်သည်။

"ရသေ့တောင်မြို့နယ်၊ အလယ်ရွာချေရပ်ရွာတွင် ၁၆/၇/၂၀၂၃ ရက်နေ့ ကဖြစ်ပွားခဲ့သည့် သက်ငယ်မုဒိန်းမှုစွပ်စွဲချက်နှင့်ပတ်သက်၍ စွပ်စွဲခံရသူ လူငယ်အား အာရက္ခပြည်သူ့အစိုးရ၏ သက်ဆိုင်ရာနယ်မြေရဲစခန်းမှ ရဲလုပ်ထုံးလုပ်နည်းများနှင့်အညီ ဖမ်းဆီးထိမ်းသိမ်းထားပြီး ဖြစ်ပါကြောင်း၊
ဆက်လက် စစ်ဆေးလျက်ရှိပြီး ပေါ်ပေါက်ချက်များအပေါ်အခြေခံကာ တရားရုံးလုပ်ထုံးလုပ်နည်းများနှင့်အညီ တရားစွဲတင်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း " ဦးခိုင်သုခက ဆက်လက်ရေးသားထားသည်။

မောင်ရန်ထန်ရှိန်သည် မ..... အား အဘွားဖြစ်သူရေကန်တွင်ရေသွားခပ်နေချိန် နေအိမ်ထဲသို့အတင်းဆွဲခေါ်၍ သားမယားပြုကျင့်ခဲ့ကြောင်း အဘွားဖြစ်သူက ABN သတင်းဌာနသို့ ပြီးခဲ့သည့်ရက်ပိုင်းက ထုတ်ဖော်ပြောဆိုထားသည်။

"ကျမက ကန်ကိုရေခတ်ဖို့သွားပါတယ်၊ ရန်ထန်ရှိန်က ကလေး လက်ဖျားကို ကိုင်ပြီးဆွဲယူသွားပြီးမုဒိန်းကျင့်ပါတယ်၊ ကျမကလည်း မြေးလေးကို မေးတယ်၊  ထန်ရှိန်ဘာလို့ဆွဲသွားတာလဲလို့ မေးတော့ မကို မယားလုပ်ဖို့ ခေါ်သွားတယ်လို့ ကလေးငယ်ကပြောပါတယ်" ဟု ဆိုသည်။

ယင်းအပြင် မ....၏ မိခင်ဖြစ်သူက ကလေးငယ်ကိုနို့တိုက်နေချိန်တွင် နေအိမ်ထဲတိတ်တဆိတ်ဝင်ရောက်ပြီး သားမယားပြုကျင့်ရန် ကြိုးစားနေစဥ် မ...၏ငိုသံကြားသဖြင့် ကိုယ်တိုင်ပက်ပင်းတိုးဖမ်းမိခဲ့ကြောင်း မ...၏ မိခင်ဖြစ်သူကလည်း အဆိုပါသတင်းဌာနသို့ ထုတ်ဖော်ပြောဆိုထားသည်။

"ကျမကလေးကို နို့တိုက်လို့ သိပ်နေတဲ့အချိန် သူလာတာကို မမြင်လိုက်ဘူး၊ မေမေလို့  လို့အော်သံကြားပါတယ်၊ ကျမလည်း သူရောက်နေပြီလို့ သိလိုက်တော့ အပေါ်ထပ်သွားကြည့်တော့ သူ့ကိုတွေ့ ပါတယ်၊ နင်ဘာလို့အားမနာလုပ်တာလဲ" ဟု မ...၏ မိခင်ဖြစ်သူက ပြောဆိုထားသည်။

အဆိုပါအမှုတွင် ကျူးလွန်ခံရသူ မိန်းကလေးငယ်ကလည်း ရန်ထန်ရှိန်မှာ သူမအား အတင်းအဓမ္မပြုကျင့်သည်မှာ ၇ ကြိမ်ထိရှိခဲ့ကြောင်း၊ ယင်းကိစ္စကိုဖွင့်ပြောပါက သတ်ပစ်မည်ဟုခြိမ်းခြောက်ထားကြောင်းလည်း ပြောဆိုထားသည်ဟု ဆိုထားသည်။

လက်ရှိတွင် ရန်ထန်ရှိန်အပါအဝင် ကျုးလွန်ခံရသူ မ.....နှင့် မိသားစုဝင်များအား ULA/AA ကခေါ်ယူစစ်ဆေးနေသည်အတွက် နိရဥ္စရာသတင်းဌာနအနေဖြင့် ကာယကံရှင်မိသားစုဝင်များ၏ အတည်ပြုချက်ကို တိုက်ရိုက်မရရှိနိုင်သေးပေ။

အဆိုပါအမှုတွင် ကျူးလွန်သူရန်ထန်ရှိန်ကို ULA/AA က ၇ ရက်ကြာထိပ်တုံးခတ် ဖမ်းဆီးထိန်းသိမ်းခဲ့သော်လည်း ကျူးလွန်သူမှာ အသက်မပြည့်သေးဟု ဆိုကာ ခံဝန်ကတိဖြင့် ပြန်လွှတ်ပေးထားခဲ့ပြီးအောက်တိုဘာလ ၅ ရက်တွင် ပြန်လည်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း အလယ်ရွာချေမှ လူငယ်အမျိုးသား တစ်ဦးက နိရဥ္စရာသို့ပြောသည်။

"ကျူးလွန်သူကို ULA က ဖမ်းဆီးထိန်းသိမ်းတာတော့လုပ်ခဲ့ပါတယ်။ပြီးတော့ အသက်မပြည့်သေးဘူးဆိုပြီး ခံဝန်ကတိနဲ့ရွာမှာ ပြန်လွှတ် လွှတ်ပေးထားခဲ့တယ်။ မနေ့ကမှ ပြန်ဖမ်းသွားတာလို့သိရပါတယ်" ဟု ပြောသည်။

ရခိုင်တွင် အမျိုးသမီးများအပေါ်လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှင့် ကလေးသူငယ်များကို ပစ်မှတ်ထားပြီး လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဖြစ်စဥ်များ ပိုမိုဖြစ်ပွားလာနေကြောင်း ဒေသခံများက ပြောသည်။

ရခိုင်ဒေသတွင် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်နှင့် စစ်ကောင်စီတို့ စင်ပြိုင်အစိုးရ နှစ်ရပ်ပုံစံဖြစ်နေရာ  သက်ဆိုင်ရာထိန်းချုပ်နယ်မြေများတွင်ဖြစ်ပွားသည့် အမှုကိစ္စများအား အသီးသီးတာဝန်ယူဖြေရှင်းပြီး ကျောသားရင်သားမခွဲခြားဘဲ သမာသမတ်ကျကျဖြင့် ဖော်ထုတ်စီရင်ပေးရန်လိုအပ်ကြောင်း ရခိုင်ဒေသခံပြည်သူများက များက နိရဥ္စရာသို့ပြောသည်။ (NN-23)

ဆက်စပ် သတင်းများ