တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

စွန့်ပစ်ခံ ခိုကိုးရာမဲ့ သက်ကြီးရွယ်အိုများနှင့် ကိုယ်လက်အင်္ဂါမသန်စွမ်းများအတွက် "ဂီလာန၊ အဖိုး၊ အဘောင် ဓမ္မရိပ်သာ"ကို ရခိုင်တွင် ပထမဦးဆုံး ဖွင့်လှစ်မည်


  • ရေးသူ: Web Master (NN 11,NN 23)
  • | ရက်စွဲ: ၀၆ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 614

ရခိုင်ပြည်နယ်တွင် စွန့်ပစ်ခံခိုကိုးရာမဲ့ သက်ကြီးရွယ်အိုများနှင့် ကိုယ်လက်အင်္ဂါမသန်စွမ်းသူများ ခိုလှုံနေထိုင်နိုင်ရန် "ဂီလာန၊ အဖိုး၊အဘောင် ဓမ္မရိပ်သာ" တစ်ခုအား ပထမဆုံးဖွင့်လှစ်သွားမည်ဟု သိရသည်။

အဆိုပါဓမ္မရိပ်သာအား မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့သစ်တွင် ယခု နိုဝင်ဘာလထဲ၌ စတင်ဖွင့်လှစ်သွားမည်ဖြစ်ပြီး ပထမဦးဆုံးအနေဖြင့် ဂီလာနနှင့် သက်ကြီးရွယ်အို စုစုပေါင်း (၁၀)ဦးခန့် လက်ခံထားနိုင်ရန် စီစဥ်ထားကြောင်း ဓမ္မရိပ်သာဦးဆောင်တည်ထောင်သူ စာရေးဆရာ မောင်ချယ်ရီ(ကမ်းထောင်းကြီး)က နိရဥ္စရာသို့ပြောသည်။

"ရိပ်သာကိုတော့ ဒီလထဲမှာဖွင့်ဖို့စီစဥ်ထားပါတယ်။ ရက်အတိအကျတော့ မသတ်မှတ်ရသေးပါဘူး။ ပထမဆုံးအနေနဲ့ ရိပ်သာမှာ ၁၀ ယောက်အရင်စပြီးလက်ခံနိုင်ဖို့ စီစဥ်ထားပါတယ်။ ပြီးရင် တဖြည်းဖြည်း အဲဒီထက်ပိုလက်ခံနိုင်အောင် ထပ်စီစဥ်ရမှာပါ"ဟု ပြောသည်။

လက်ရှိကာလတွင် ရခိုင်ပြည်မြို့နယ်များ၌ သက်ကြီးရွယ်အို အဘိုးအဘွားများကို မိသားစုဆွေမျိုး သားချင်းများက စွန့်ပစ်ထားခဲ့သည့် ဖြစ်စဥ်များပိုတိုးလာ၍ အဆိုပါစွန့်ပစ်ခံအဘိုးအဘွားများနှင့် ဂီလာနများကို ခိုလှုံစောင့်ရှောက်မှုပေးနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခြင်းပင်ဖြစ်ကြောင်း သူက ဆက်ပြောသည်။

"အခုရခိုင်မှာ မကျန်းမာတဲ့သက်ကြီးရွယ်အိုတွေ၊ ဂီလာနတွေကို စွန့်ပစ်ခဲ့တဲ့သတင်းတွေကျွန်တော်တို့ဆက်တိုက်တွေ့လာရတယ်။ ၆ လပိုင်းလောက်ကလည်း စစ်တွေဘုရားကြီးနားမှာထင်တယ်။ အွန်လိုင်းမှာတက်လာတယ်။ ခြေထောက်တစ်ဖက်ပဲရှိတဲ့ ဦးလေးတစ်ယောက်စွန့်ပစ်ခံရတာ မွေးစားမယ့်သူမရှိဘူး။ နောက်ဆုံးမှာ ကျွန်တော်တို့သိသလောက် အဲဒီဦးလေးကို ဘိုးဘွားရိပ်သာတွေကိုဆက်သွယ်ပေးဖို့လည်း တစ်ခုကမှလက်မခံဘူးပေါ့နော်။ သူက နာမကျန်းဖြစ်နေတော့။ ဒါကြောင့် ကျွန်တော်တို့က ငါတို့ရခိုင်ပြည်မှာ ဘိုးဘွားရိပ်သာတွေကတော့ ရှိကြတယ်။ ရှိသော်လည်း ဂီလာနတွေကိုလက်ခံမယ့်နေရာမရှိဘူး။ ဂီလာနတွေက ပိုပြီးဒုက္ခဖြစ်တယ်ပေါ့လေ။ အဲဒါကြောင့် ဂီလာနတွေကို အဓိကဦးစားပေးပြီးလက်ခံစောင့်ရှောက်ပေးနိုင်အောင်ဆိုပြီး စီစဥ်ဖြစ်တာပါ" ဟု
 နိရဥ္စရာသို့ပြောသည်။

အဆိုပါဓမ္မရိပ်သာတွင် လက်ခံစောင့်ရှောက်ပေးရန် အဘိုးအဘွားဆိုလျှင် အသက် (၇၀) အထက်သတ်မှတ်ထားပြီး ကိုယ်လက်အင်္ဂါမသန်စွမ်းသူများဆိုလျှင် အသက်အရွယ်အပိုင်းအခြား ကန့်သတ်မထားကြောင်း စာရေးဆရာ မောင်ချယ်ရီ( ကမ်းထောင်းကြီး)က
 ပြောသည်။

လက်ရှိတွင် အဆိုပါဓမ္မရိပ်သာ၌ အဘိုးအဘွားများနေထိုင်ရန် ဝါးကြမ်းခင်း၊ ဝါးထရံကာ၊ ဓနိမိုးပုံစံ ပေ ၃၀
×၂၀ ခန့်ရှိ အဆောင်နှစ်ဆောင်ခန့်ကို ဆောက်လုပ် ပြီးစီးထားပြီဖြစ်ပြီး နားနေဆောင်နှင့် ထမင်းချက်ဆောင်တို့ကို ဆောက်လုပ်နေဆဲဟု သိရသည်။

ယခုလထဲ ရိပ်သာဖွင့်လှစ်သည်နှင့် စတင်လက်ခံမည့် (၁၀)ဦးခန့်အတွက် တစ်နေ့အထွေထွေစရိတ် ကျပ်ငွေ ၅၀၀၀၀
 ခန့် ခန့်မှန်းထားကြောင်းလည်း ဆရာမောင်ချယ်ရီ (ကမ်းထောင်းကြီး)က ဆိုသည်။
အဆိုပါဓမ္မရိပ်သာတွင် ခိုလှုံရောက်ရှိလာသည့် စွန့်ပစ်ခံသက်ကြီးရွယ်အိုများနှင့် ဂီလာနများကို ချက်ပြုတ်ကျွေးမွေးစောင့်ရှောက်ထားခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများကို ပြုလုပ်သွားမည်ဟု သူကပြောသည်။

"သူတို့ဘဝရဲ့နောက်ဆုံးအချိန်တွေမှာ တရားဘာဝနာပွားချင်လည်းပွား၊ စိတ်အေးသက်သာခိုလှုံနေထိုင်နိုင်ဖို့အတွက်ပေါ့။ သူတို့ကို ကျန်းမာရေးစောင့်ရှောက်ပေးဖို့တာဝန်ယူထားတဲ့ အခမဲ့ကျန်းမာရေးဝန်ထမ်းတွေလည်း ကျွန်တော်တို့စီစဥ်ထားပြီပါပြီ" ဟု​ပြောသည်။

ရခိုင်တွင် မွေးကင်းစကလေးများကိုစွန့်ပစ်မှု၊ မကျန်းမာသည့်သက်ကြီးရွယ်အိုများကို မိသားစုဆွေမျိုးသားချင်းများကိုယ်တိုင်က စွန့်ပစ်မှုဖြစ်စဥ်များ ပိုမိုများပြားလာနေ၍ အဆိုပါစွန့်ပစ်ခံအဘိုးအဘွားများ၏ အသက်ရှင်ရပ်တည်နေထိုင်ရေးအတွက် ယခုကဲ့သို့ဂေဟာတစ်ခုတည်ထောင်သည်မှာ ဝမ်းမြောက်စရာဖြစ်ကြောင်း
  ဒေသခံများကပြောဆိုကြသည်။

စစ်တွေမြို့၊ မင်းဂံရပ်ကွက်မှ သက်ကြီးပိုင်းအမျိုးသမီး ဒေါ်ယဉ်စောက “ရခိုင်မှာက ဆင်းရဲတဲ့သူများတယ်။ အသက်ကြီးလာရင် စောင့်ရှောက်မယ့်သူမရှိကြဘူး။ ဒီလို ကျန်းမာရေးမကောင်းတဲ့သူတွေကိုပါ စောင့်ရှောက်မယ့်ရိပ်သာရှိတာ ဝမ်းသာပါတယ်” ဟု နိရဥ္စရာကို ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁ ရက်ကလည်း နာမကျန်းဖြစ်နေသည့် အသက်(၄၇) နှစ်အရွယ် အမျိုးသမီးတစ်ဦးကို
တောင်ကုတ်တက္ကသိုလ်အနီးတွင် လာရောက်စွန့်ပစ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ - မောင်ချယ်ရီ

 

 

ဆက်စပ် သတင်းများ