တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

ရခိုင်တွင် စစ်ဘေးရှောင်ဦးရေ တစ်သိန်းခွဲထိ ထပ်တိုးလာပြီး ရိက္ခာ၊ စောင်နှင့်အနွေးထည်များ အရေးပေါ်လိုအပ်နေ


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၁၇ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 2.9k

ရခိုင်ပြည်နယ်တွင် လက်ရှိ ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် စစ်ဘေးရှောင် တစ်သိန်းခွဲခန့် ထပ်တိုးလာပြီး အကူညီများနည်းပါးသဖြင့် စားဝတ်နေရေး အခက်ခဲကြုံနေရသလို ဆောင်းတွင်း အအေးဒဏ်ကို ကာကွယ်ရန်အတွက် စောင်နှင့်အနွေးထည်များလည်း အပူတပြင်း လိုအပ်နေသည်ဟု သတင်းရရှိသည်။

ရခိုင်တွင် ယခင်ကပင် နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်ဦးရေ ၆ သောင်းခန့်ရှိနေပြီး  နိုဝင်ဘာ ၁၃ ရက်နေ့က စတင်ဖြစ်ပွားသည့် တိုက်ပွဲကြောင့် နောက်ထပ် စစ်ဘေးရှောင်ဦးရေ တစ်သိန်းခွဲခန့် အထိ ထပ်တိုးလာသည်ဟု ကူညီဆောင်ရွက်ပေးနေသူများ၏စာရင်းအရ သိရသည်။

စစ်ရှောင်များကိုအကူညီပေးနေသည့် လူငယ်တစ်ဦးက “လက်ရှိကောက်ယူထားတဲ့ စာရင်းတွေအရ အခုလတ်တလော တိုက်ပွဲတွေ အတွင်း ထွင်ပြေးလာတဲ့ စစ်ဘေးရှောင်က တစ်သိန်းခွဲခန့်ထိရှိပါတယ်။ ယခင်ကတည်းက နေရပ် မပြန်နိုင်တဲ့ စစ်ဘေးရှောင်က ၆ သောင်းလောက်ဆိုတော့ အဟောင်းနဲ့ အသစ်ပေါင်းရင် နှစ်သိန်းကျော်သွားပါပြီ” ဟု  နိရဉ္စရာသတင်းဌာနကို ပြောသည်။

ရခိုင်မှ စစ်ရှောင်များအတွက် အကူပေးမည့် အဖွဲ့စည်းများမှာလည်း  အလွန်တရာ နည်းပါးနေသဖြင့် အခက်အခဲ အများအပြားရှိနေသည်ဟု ၎င်းက ပြောဆိုသည်။

"ခုလက်ရှိ ရခိုင်က စစ်ရှောင်တွေ တစ်နေ့ထက်တစ်နေ့လည်း များလာတယ်။ အကူညီ ပေးမှုလည်း သိပ်မရှိဘူး။ ကုန်ဈေးနှုန်းတွေက အရင်ကထက် ဆယ်ဆနီးပါးလောက် တက်နေတော့ ပြည်တွင်းကလူတွေလည်း သိပ်မကူညီနိုင်ပါဘူး" ဟုပြောသည်။

အဆိုပါစစ်ဘေးရှောင်များတွင် စားဝတ်နေရေးအခက်အခဲအပြင် ဆောင်းရာသီ ရောက်ရှိလာပြီ ဖြစ်၍ စောင်နှင့် အနွေးထွေးများပါအရေးပေါ်လိုအပ်နေသည်ဟု ပုဏ္ဏားကျွန်းမြို့နယ်၊ တောဖျားချောင်းဒေသမှ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးကနိရဉ္စရာကိုပြောသည်။

"သူများအိမ်တွေမှာ လိုက်ကပ်နေရတာလည်းကြာပြီဆိုတော့ အဆင်မပြေပါဘူး။ ကုန်ဈေးနှုန်းကြီး။ စားဝတ်နေရေး အငတ်ဘေး‌ဆိုက်နေပါပြီ။ ဆောင်းဝင်တော့ အနွေးထည်တို့လည်း မပါလာဘူး။ ကူညီနိုင်သူတွေကို  အကူညီ တောင်းခံပါတယ်" ဟုပြောသည်။

၂ဝ၂၁ ခုနှစ်၊ စစ်တပ်က အာဏာသိမ်းလိုက်ပြီးသည့်နောက်ပိုင်းတွင် စစ်ဘေးရှောင်များအား ကူညီထောက်ပံ့ခြင်းများကို စစ်ကောင်စီက ရပ်ဆိုင်းလိုက်ပြီး နိုင်ငံတကာအဖွဲ့အစည်းများ၏ သွားရောက်ထောက်ပံ့ခွင့်များကိုလည်း ကန့်သတ်ပိတ်ပင်ခဲ့သည်ဟု သိရသည်။

ထိုသို့ ကန့်သတ်ပိတ်ပင်ထားသည့်အတွက် မည်သည့် လူမှုအဖွဲ့အစည်းကမှ သွားရောက် အကူအညီ မပေးဝံ့ကြဟု အရပ်ဘက်အဖွဲ့စည်းတစ်ခုမှ အမျိုးသမီးတစ်ဦးက နိရဉ္စရာကို ပြောသည်။

"ကူညီပေးဖို့က လမ်းတွေပိတ်ထားတယ်။ ရေလမ်းဆိုလည်းပိတ်၊ သွားခွင့်မရဘူး။ ဒီကြားထဲ  ဖမ်းတာတွေ၊ ထောင်ချတာတွေထိရှိနေပြီ။ အကူညီပေးဖို့ခက်ခဲနေပါတယ်။ အဖွဲ့စည်းကလူတွေကိုလည်းဖမ်း၊ အပြစ်မဲ့ ပြည်သူတွေလည်းဖမ်း။ တောက်လျှောက် ဖမ်းနေတာ" ဟုပြောသည်။

လက်ရှိ တိုက်ပွဲများကြားက ထွက်ပြေးလာသည့် ပေါက်တော၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ရသေ့တောင်၊ အမ်း၊ ဘူးသီးတောင်၊ မောင်တောနှင့် ချင်းပြည်နယ် ပလက်၀မြို့နယ်မှ    စစ်ဘေးရှောင်များသည် မြို့ပေါ်နှင့် ကျေးရွာများရှိ အသိဆွေမျိုးအိမ်များနှင့် ဘုန်းတော်ကြီး ကျောင်းများတွင် တည်းခိုနေထိုင် နေကြရသည်ဟု သိရသည်။ (NN-11)

ပုံစာ- Arakan Responders for Emergency မှ စစ်ဘေးရှောင်များအား ဆန်များထောက်ပံ့ကူညီပေးနေခြင်းဖြစ်ပါသည်။  

ဆက်စပ် သတင်းများ