တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

ပြည်ပထွက်ခွာအလုပ်လုပ်သွားကြမည့် ရခိုင်အမျိုးသမီးများကို လူကုန်ကူးမခံရရန် ကြိုတင်ပြင်သင့်သည်ဟု ရခိုင်လူမှုအဖွဲ့အစည်းများ တိုက်တွန်း


  • ရေးသူ: Web Master (NN 09)
  • | ရက်စွဲ: ၁၉ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 289

နိရဉ္စရာ၊ ဒီဇင်ဘာ ၁၉/၂၀၂၃ 

ခေတ်အဆက်ဆက်အစိုးရ၏ စီမံခန့်ခွဲမှု ညံ့ဖျင်းမှုကြောင့် အလုပ်အကိုင်ရှားပါးသကဲ့သို့ နိုင်ငံရေးဂယက်ကြောင့်လည်း ရခိုင်ပြည်မှ အမျိုးသမီးများသည် ပြည်ပထွက်ခွာကာ အလုပ်အကိုင်ရှာဖွေမှုများ တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာသည်။ ပြည်ပထွက်ခွာအလုပ်အကိုင်ရှာဖွေမှုနောက်ဆက်တွဲအဖြစ် အမျိုးသမီးများ လူကုန်ကူးခံရမှုလည်း များပြားလာသည်။ အဆိုပါ ရောင်းစားခံရသည့် ရခိုင်အမျိုးသမီးငယ်များသည် အသက် ၂၀ နှင့် ၃၀ ကြားအရွယ်ဖြစ်ကြပြီး အရှေ့အလယ်ပိုင်းနိုင်ငံများ၊ တရုတ်၊ မလေးနိုင်ငံတို့တွင် ရောင်းစားခံရမှု အများဆုံးဖြစ်သည်။


ပြည်တွင်း အလုပ်အကိုင်ရှားပါး၍ မဖြစ်မနေ သွားကြမည်ဆိုလျှင် မိမိအား အလုပ်အကိုင်ရှာပေးမည့် အေးဂျင်စီက တရားဝင် လိုင်စင် ရှိ မရှိ သေချာစုံစမ်းဖို့ လိုအပ်ကြောင်း ရခိုင်အမျိုးသားကွန်ရက်မှ ဥပဒေအကြံပေး ရှေ့နေ ဒေါ်ဝိုင်းသူဇာက နိရဉ္စရာသို့ ပြောသည်။


"အမျိုးသမီးတွေအနေနဲ့ ကိုယ့်ကို ရပ်တည်မယ့်ဆိုတဲ့ အသိစိတ်တွေ ဝင်လာတာတွေ့ရတယ်။ အဲကြောင့် ပြည်ပထွက်ခွာပြီး အလုပ်လုပ်ကိုင်သူတွေ များလာတယ်။ သွားမဲ့သူတွေအနေနဲ့လည်း ငါ့တို့ကို အလုပ်ရှာပေးတဲ့ အေးဂျင့်စီးက တရားဝင် လိုင်စင် ရှိပါသလား။ အမှန်တကယ်ကော် အလုပ်ရှာပေးတာ ဟုတ်သလား။ အဲဒါတွေကို မသွားခင်မှာ သေချာ လေ့လာစုံစမ်းဖို့ လိုပါမယ်" ဟု ပြောသည်။


အကယ်၍ ရောင်းစား ခံလိုက်ရပြီးလျှင် မိမိကိုယ့်ကို စိတ်ခွန်အားတင်ကာ လက်လှမ်းမှီသလောက် အကူအညီတောင်းခံ သင့်ကြောင်းဆက်ပြောသည်။ "တကယ်လို့ ရောင်းစားခံလိုက်ရပြီးဆိုရင်တောင် ကိုယ့်ကို စိတ်ခွန်အားတင်ထားရမယ်။ ငါ့ရောက်နေတဲ့ နိုင်ငံမှာ မြန်မာသံရုံးရှိသလား။ မြန်မာသံရုံးမရှိရင်တောင် မြန်မာသံရုံးနဲ့ ဆက်သွယ်ရမယ် နည်းလမ်းရှာရမယ်။ မြန်မာသံရုံးကို အကူအညီတောင်းပါ။ တကယ်လို့ အကူအညီတောင်းခံလို့ မရရင် ဆိုရှယ်မီဒီယာကနေ လက်လှမ်းမှီသလောက် အကူအညီတောင်းခံလို့ရပါတယ်။ လူကုန်ကူးခံရပြီးတော့ ရေစုန်မျောပြီးတော့ မနေနဲ့ လက်လှမ်းမှီသလောက် အကူအညီတောင်းပါ။ အဲလိုမျိုးကြိုးစားပြီးတော့မှာ ဖြေရှင်းဖို့ ပြောချင်ပါတယ်" ဟု ရခိုင်လူမှုကူညီရေးအသင်း (ရွှေလီမြို့)က တာဝန်ရှိသူတစ်ဦးက ပြောသည်။ 


အချို့တွင် ဆွေနီးရပ်မျိုးတွေ ကိုယ်တိုင်က ရပ်ရွာရှိသည့် ဆယ်ကျော်သက်အရွယ်အမျိုးသမီးငယ်များကို မက်လုံများဖြင့် စည်းလုံးသိမ်းသွင်းကာ တရုတ် - မြန်မာနယ်စပ် ရွှေလီမြို့တွင်ရှိသော အခြားပွဲစားများနှင့် ဆက်သွယ်ပူးပေါင်းကာ ရောင်းစားရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း ရခိုင်လူမှုကူညီရေးအသင်း (ရွှေလီမြို့)က တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယခင်ကနေ ပြည်တွင်းအလုပ်အကိုင်ရှားပါးမှုနှင့် ဆင်းရဲမွန်းကြပ်မှု ဒဏ်များကြောင့် ရခိုင်မှ ရခိုင်အမျိုးသမီးအပါအဝင် အခြားတိုင်းရင်းသားအမျိုးသမီးများသည် တရုတ်ပြည်မ နှင့် အရှေ့အလယ်ပိုင်းနိုင်ငံများအပါအဝင် အိမ်နီးချင်းနိုင်ငံများသို့ နည်းလမ်းမျိုးစုံဖြင့် ထွက်ခွာနေကြသည် ဟု အမျိုးသမီးရေးလှုပ်ရှားနေသူများက ထောက်ပြသည်။ 


ယင်းအပြင် ယခုကဲ့သို့ဖြစ်ရပ်မျိုးဖြစ်နေခြင်းသည် အသိပညာပေးခြင်းများဖြင့် မလုံလောက်ဘဲ တစ်ဘက်တွင်လည်း ဆင်းရဲမွန်းကြပ်မှုဒဏ်ကိုခံစားနေရသည့် ကျေးရွာနေ ပြည်သူများအတွက် ၎င်းတို့ကိုယ်တိုင် စိတ်ကျေနပ်မှုရနိုင်အောင် လုပ်ငန်းခွင်အများအပြား မဖန်တီးပေးနိုင်သရွေ့ ထိုဖြစ်ရပ်များ ထပ်တလဲလဲရှိနေမည်ဖြစ်ကြောင်း ထောက်ပြသည်။


“အဓိကတော့ တောက်လျှောက်မှာ အသိပညာပေးမှု တွေကလည်း အရမ်းအားနည်းနေသေးပါတယ်။ တစ်ဖက်မှာလည်း ကျေးရွာအနှံ့မှာ လူကုန်ကူးမှုတွေနဲ့ ပတ်သက်လို့ အသိပညာပေးမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဖို့လိုအပ်သလို အမျိုးသမီးတွေ ကို ဦးတည်ပြီးတော့ တနိုင်တပိုင်လုပ်ငန်းတွေကို လုပ်လာနိုင်အောင် ဖန်တီးပေးစေချင်ပါတယ်” ဟု ပြောသည်။


သူမကဲ့သို့ အရှေ့အလယ်ပိုင်းနိုင်ငံများနှင့် အခြားမြန်မာအိမ်းနီးချင်းနိုင်ငံများတွင် အလုပ်အကိုင်ရှာဖွေရင်း ပွဲစားများ၏ ယုတ်မာမှုများကြောင့် ရခိုင်အပါအဝင် မြန်မာအမျိုးသမီးများသည် တိုင်းတပါးသားများ၏ လက်အောက်တွင် လူသူမသိ အကူအညီမဲ့စွာ မရှုမလှဘဝကြွေကျပျက်စီးခဲ့သူများ အများအပြားရှိနိုင်ကြောင်း ဝမ်းနည်းစွာပြောပြသည်။


"တချို့ အိမ်အကူအလုပ်လာလုပ်ဖို့ လုပ်နေကြတဲ့ မိန်းကလေးတွေကို ပြောချင်တာက အရင်ဆုံး ကိုယ့်သွားလုပ်မဲ့ နိုင်ငံကို လေ့လာစေချင်ပါတယ်။ ဘာတွေ ဖြစ်လာနိုင်မလဲပေါ့။ ဘာတွေကြိုတင် လုပ်ထားဖို့လိုအပ်သလဲပေါ့။ သေချာစုံစမ်းပြီးမှာ သွားစေချင်ပါတယ်။ အမှားမဖြစ်အောင်အတွက် အသိပေး ချင်ပါတယ်။ တကယ်လို့ လူသူမသိဘဲ ရောင်းစားခံရင် ဘဝပါ ပျက်သွားနိုင်ပါတယ်" ဟု ပြောသည်။ 


ကိုဗစ်နှင့် စစ်ဘေးဒဏ်များကို အလူးအလဲခံစားခဲ့ရသည့် ရခိုင်ပြည်သည် အာဏာသိမ်းပြီးနောက် ဖြစ်ပွားလျက်ရှိသည့် စီပွားရေးအကြပ်အတည်းနှင့် မကြာခင်က တိုက်ခတ်သွားသည့် မိုခါမုန်တိုင်းတို့ကြောင့် ရခိုင်ပြည်သူတို့ ဘဝသည် ချွတ်ခြုံကျသွားကာ အခက်အခဲမျိုးစုံကို ခါးစည်းကာခံစားနေရသည်။

ယခင်ကနေ ပြည်တွင်းအလုပ်အကိုင်ရှားပါးမှုနှင့် ဆင်းရဲမွန်းကြပ်မှု ဒဏ်များကြောင့် ရခိုင်မှ ရခိုင်အမျိုးသမီးအပါအဝင် အခြားတိုင်းရင်းသား အမျိုးသမီးများသည် တရုတ်ပြည်မနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများအပါအဝင် အိမ်နီးချင်းနိုင်ငံများသို့ နည်းလမ်းမျိုးစုံဖြင့် ထွက်ခွာ နေကြသည်ဟု အမျိုးသမီးရေးလှုပ်ရှားနေသူများက ထောက်ပြသည်။

“အဓိကတော့ ဆင်းရဲနွမ်းပါးမှုပါပဲ။ ဆင်းရဲနွမ်းပါးမှုကို အကြောင်းပြုပြီးတော့ ကိုယ်ရပ်ရွာ ကိုယ်ဒေသတွေမှာ လုပ်ကိုင်စားသောက်ဖို့ အခြေအနေတွေ မပေးတဲ့အခါမှာ အသက်မပြည့်သေးရင်တောင် ဘယ်လိုမှာ မိသားစု စားဝတ်နေရေး အဆင်မပြေတဲ့အခါ ရုန်းကန်လှုပ်ရှားဖို့အတွက် အမျိုးသမီးငယ်တွေကပါ စိတ်သဘောထား ရှိလာကြပါတယ်။ အဲဒါကြောင့် ရတဲ့အလုပ်ကို လုပ်မယ်။ သွားလို့ရတဲ့ နေရာကို သွားမယ်ဆိုတဲ့ စိတ်တွေကတော့ အလွယ်တကူဖြစ်ပွားလာတာပေါ့။ အလုပ်ရရင် ပြီးရောဆိုတဲ့ သဘောမျိုးနဲ့ ပွဲစားတွေနဲ့ ချိတ်ဆက်တဲ့အခါ ဘယ်လောက် သေချာလဲဆိုတာကို လေ့လာစုံစမ်းနိုင်တဲ့ အနေအထားမျိုးမရှိကြဘူး" ဟု အမျိုးသမီးငယ်တစ်ဉီးက လည်း ထောက်ပြပြောဆိုသည်။

အကြမ်းဖက်စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပြည်ပသို့သွားရောက်အလုပ်လုပ်ကိုင်ကြသည့် သူအများအပြားရှိလာကြသည်။  ယင်းသို့သွားရောက်အလုပ်လုပ်ကိုင်ရာတွင် အလုပ်ရှင်သူဌေးများ၏ မတရားခိုင်းစေရိုက်နှက်မှု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ အစာရေစာငတ်ပြတ်မှုများကိုကြုံတွေ့နေရပြီး ၄င်းတို့ကို တာဝန်ယူပို့ပေးခဲ့သည့်ပွဲစားများကိုတိုင်ကြားလျှင်လည်း ပွဲစားများက မဖြေရှင်းပေးဘဲ လျစ်လျူရှုထားမှုများကို ကြုံတွေ့နေရသူများလည်း အများအပြားရှိလာသည်။

ဆက်စပ် သတင်းများ