တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

မာန်အောင်မြို့နယ်မှ ရွာတချို့ကို စစ်ကောင်စီက ဝင်ရောက်စစ်ဆေးမှုများရှိ


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၂၀ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 2.2k

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်မှ ရွာတချို့ကို စစ်ကောင်စီမှ ဝင်ရောက်စစ်ဆေးမှုများ ရှိနေကြောင်း သတင်းရရှိသည်

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၈ရက် ည ၈နာရီခန့်က မာန်အောင်မြို့နယ်၊ သိမ္ဘလအုပ်စု၊ အရှေ့ဇီး‌တောရွာတွင် စစ်သားနှင့်ရဲသားအင်အား ၃၀ ခန့်က နေအိမ်များကို ဝိုင်းထားပြီး  အိမ်အတွင်းသို့ ဝင်ရောက်ရှာဖွေ စစ်ဆေးမှုများရှိခဲ့သည်ဟု စစ်ဆေးခံရသည့်ကျေးရွာနှင့် နီးစပ်သူတစ်ဦးကနိရဉ္စရာကို ပြောသည်။

" စစ်ဆေးခံရတဲ့အိမ်အနီးနားတွေအားလုံးကိုဝိုင်းထားတယ်။ စစ်နဲ့ရဲ ၃၀လောက်ပါတယ်။ ညဖက်ဝင်စစ်တာ။ လက်ရှိ အုပ်ချုပ်ရေးမှူး အပြင်  အရင်က အုပ်ချူပ်ရေးမှူးဟောင်းလည်း ပါတယ်" ဟုပြောသည်။

သိမ္ဘလအုပ်စုတွင် ကုန်းတန်း၊ ဇီးတော၊ ဗျိုင်းကျွန်း ‌ကျေးရွာများ ပါရှိပြီး ၎င်းရွာများသည် မြို့နှင့်၂ မိုင်နှင့် ၃ မိုင် အဝေးတွင်တည်ရှိနေကြောင်း သိရသည်။

ယခုကဲ့သို့စစ်ဆေးခြင်းမှာ  ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်နိုင်သည့် သူများရှိနိုင်သည်ဟု ယူဆကာ  စစ်ကောင်စီတပ်က ဝင်ရောက် စစ်ဆေးခြင်းဖြစ်နိုင်သည်ဟု မာန်အောင်မြို့ခံတစ်ဦးက နိရဉ္စရာသတင်းဌာနကိုပြောသည်။

" ချောင်း၀ ၊ မြစ်၀တွေမှာ  အေအေရှိနိုင်တယ်လို့ သူတို့ထင်လို့ဒီလိုဝင်မွှေတာဖြစ်နိုင်တယ်။ခုက ရမ်းဗြဲမှာလည်း တိုက်ပွဲဖြစ်နေတယ်ဆိုတော့။ ဒီဖက်မှာ လုံခြုံရေးအရ စစ်ဆေးတာဖြစ်နိုင်တယ်" ဟုပြောသည်။

မာန်အောင်မြို့နယ်တွင်  စစ်ကောင်စီက ကမောင်တောင်တွင်  စစ်သားများ အခြေချထားပြီး မျှော်တော်ဦးတွင် ရေတပ်အခြေစိုက်ထားသည်ဟု သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ခုနှစ်တကျော့ပြန်တိုက်ပွဲကာလအတွင်းကလည်း သစ်ပုံကျေးရွာ၊ ဘဲအင်းကျေးရွာ၊ မီးလောင်ထောက်ကျေရွာ၊ ချောင်း၀ ကျေးရွာ များတွင် ယခုကဲ့သို့ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်းဒေသခံများကပြောသည်။(NN-11) 

ဆက်စပ် သတင်းများ