တနင်္လာ၊ မေလ ၆ရက်၊ ၂၀၂၄

ကျောက်ဖြူမှ စစ်သား ၂ ဦး၊ မောင်တောမှ ရဲ ၃ ဦး လက်နက်များဖြင့်ထွက်ပြေး


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၀၆ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.9k

ရခိုင်တွင် စစ်ကောင်စီတပ်ကို တစ်နေ့ထက် တစ်နေ့ စွန့်ခွာထွက်ပြေးသူများပြားလာနေပြီး ဖေဖော်ဝါရီ ၄ ရက်နှင့် ၅ ရက်အတွင်း စကစတပ်ဖွဲ့ဝင် စုစုပေါင်း ၅ ဦး လက်နက်များနှင့် အတူ ထွက်ပြေးသွားခဲ့ကြသည်ဟု သတင်းရရှိသည်။

ဖေဖော်ဝါရီလ ၄ ရက်၊ ညနေ ၄ နာရီကျော်အချိန်က ကျောက်ဖြူမြို့ ခလရ(၃၄)တပ်ရင်းမှ တပ်ကြပ်အဆင့်ရှိသူတစ်ဦးနှင့် တပ်သားတစ်ဦးတို့သ​ည် လက်နက်အပြည့်အစုံဖြင့် ထွက်ပြေး သွားကြသည်ဟု ဒေသခံများက ပြောသည်။

ကျောက်ဖြူဒေသခံ သတင်းရင်းမြစ်တစ်ဦးက " ဖေဖော်ဝါရီ ၄ ရက်  ညနေ ၄ နာရီလောက်မှာ ထွက်ပြေးသွားတာလို့သိရတယ်။ လက်နက်အပြည့်အစုံနဲ့ထွက်ပြေးသွားတာ။အရစ်နဲ့တစ်ယောက်ရယ်။ ရိုးရိုးရဲဘော်တယောက်လို့သိရတယ်။ ထွက်ပြေးတဲ့သတင်းကို စစ်တပ်နဲ့နီးစပ်တဲ့ မိသားစု အသိုင်းအဝိုင်းက ပြောလို့သိရတာ" ဟု သူကပြောသည်။

အဆိုပါစစ်သားနှစ်ဦးမှာ ရှေ့တန်းစစ်မြေပြင်တွင် မိမိတို့စစ်ကောင်စီတပ်မှ အကျဆုံးများနေသဖြင့်  စစ်တိုက်ရမည်ကို စိုးရိမ်၍  ဂုံးချွိန်အုပ်စုဘက်သို့ စစ်ကြောင်းထွက်လာစဥ် လမ်းခုလတ်က ထွက်ပြေးသွားခြင်းဖြစ်ကြောင်း သိရသည်။

" ရှေ့တန်းစစ်မြေပြင်မှာ အကျအဆုံးတွေများပြီး သူတို့ကိုလည်း တိုက်ပွဲဝင်ရမှာကိုသိလို့ လမ်းခုလတ်က ထွက်ပြေးသွားတာလို့ သိရပါတယ်" ဟု ကျောက်ဖြူဒေသခံ သတင်းရင်းမြစ် တစ်ဦးကပြောသည်။

စစ်သားများထွက်ပြေးပြီးညပိုင်းတွင်လည်း ဂုံးချွိန်အုပ်စုဘက်မှ ကျေးရွာများကို စစ်တပ်က ဧည့်စာရင်းစစ်ဆေးကာ နေအိမ်များကို ဝင်ရောက်ရှာဖွေခြင်း၊ အိမ်ရှင်များအိပ်ပျော်နေလျှင် အိမ်တံခါးများကို သေနတ်ဒင်များဖြင့်ထုရိုက်ကာ အတင်းနှိုး၍ ဧည့်စာရင်းစစ်ဆေးခြင်းများပြုလုပ် ကြောင်းလည်း ဒေသခံများကပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလကုန်ပိုင်းကလည်း သစ်ပုတ်တောင် ဓညဝတီရေတပ်ဌာနချုပ်မှ စစ်သားနှစ်ဦး လက်နက် အပြည့်အစုံဖြင့်ထွက်ပြေးခဲ့ပြီး အဆိုပါစစ်သားနှစ်ဦးမှာ ရက္ခိုင့်တပ်တော်(AA)ထံ ရောက်ရှိသွားခဲ့ကြောင်း နောက်ထပ်ကျောက်ဖြူဒေသခံလူငယ်တစ်ဦးကပြောသည်။

ယမန်နေ့ဖေဖော်ဝါရီလ ၅ ရက်မနက်ပိုင်းကလည်း မောင်တောခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ် စိုးသိန်းအောင် ၊ဒုရဲအုပ် မောင်မောင်စိုး နှင့် တပ်သားကျော်သန်းနိုင်တို့မှာ လက်နက်များနှင့် အတူ ရက္ခိုင့်တပ်တော်(AA) ထံ ထွက်ပြေးသွားကြောင်း AK Media Live နှင့် Arakan Dream တွင် သတင်းဖော်ပြထားသည်။

ယင်းမတိုင်ခင် ရက်သတ္တတစ်ပတ်ခန့်ကလည်း မောင်တောခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှဒုတပ်ကြပ် မောင်မောင်ဌေး နှင့် တပ်သား နေလင်းထွန်းတို့မှာ လက်နက်မဲ့ ထွက်ပြေးသွားကြသည်ဟု မောင်တောခရိုင်ရဲတပ်ဖွဲ့ဝင်များထံမှသိရရှိသည်။

ဇန်နဝါရီလ ၂၇ ရက်တွင်လည်း တောင်ကုတ်မြို့အဝင် စစ်ဆေးရေးဂိတ်နှစ်ခုမှ စစ်သား ၁၂ ဦးလက်နက်အပြည့်အစုံဖြင့် ထွက်ပြေးသွားခဲ့သေးကြောင်း မြို့ခံများကပြောသည်။(NN-23) (ဓာတ်ပုံ- ပုံဟောင်း)

ဆက်စပ် သတင်းများ