တနင်္လာ၊ မေလ ၆ရက်၊ ၂၀၂၄

ရမ်းဗြဲတိုက်ပွဲမှ လက်နက်ကြီးပစ်ခတ်သံများ မာန်အောင်ကျွန်းအထိ ဆက်တိုက်ကြားနေရ၍ ဒေသခံများ စိုးရိမ်နေကြရ



ရမ်းဗြဲတိုက်ပွဲမှ လေယာဉ်ဖြင့်ဗုံးကြဲသံများ၊ လက်နက်ကြီး ကျရောက်ပေါက်ကွဲသံများကို မာန်အောင်ကျွန်းမှ အထိ ဆက်တိုက်ကြားနေရ၍ စိုးရိမ်နေကြရသည်ဟု ဒေသခံများမှ ပြောဆိုသည်။

လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက “လက်နက်ကြီးပေါက်တဲ့အသံကြားနေရတယ်။ မနေ့က နေခင်းဖက်အချိန်လောက်ကနေ အခုထက်ထိ “မိုးကြိုးပစ်သံ”လို အသံတွေကြားနေရတယ်။ ညဖက်အချိန်လည်း ဆက်တိုက်ပါပဲ” ဟု နိဉ္စရာသတင်းဌာသို့ ပြောသည်။

လက်နက်ကြီး ပေါက်ကွဲနေသည့် အသံများကို မတ်လ ၁၀ ရက် နေ့လယ်ပိုင်းမှစတင်ကာ ယနေ့ (နံနက် ၁၀နာရီခွဲ) အချိန်ထိ မိနစ်ပိုင်းခြားကာ ဆက်တိုက် ကျယ်ကျယ်လောင်လောင်ကြားနေရသည့်အတွက် မာန်အောင်ဒေသခံများမှ စိုးရိမ်မှု ရှိနေကြရခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

လက်ရှိ မာန်အောင်မြို့နယ်တွင် အခြေအနေ တည်ငြိမ်နေသော်လည်း ထိုပေါက်ကွဲသံများကြောင့်  မာန်အောင်ကျွန်းအထိ တိုက်ပွဲများဖြစ်ပွားလာမည်ကို ဒေသခံများ စိုးရိမ်နေကြသည်။

ထို့အပြင် မာန်အောင်လေယာဉ်ကွင်းအား စစ်လေယာဉ်ကွင်းအဖြစ် အသုံးပြုမည်ဟု သတင်းများ ထွက်ပေါ်နေပြီး လက်ရှိအချိန်တွင်လည်း အဆိုပါလေယာဉ်ကွင်းအား အုတ်တံတိုင်းကာရံနေကြောင်း ဒေသခံများက ပြောဆိုသည်။

“အရင်က သံဇကာနဲ့ ကာထားတဲ့ ခြံစည်းရုံးကို အခု လေယာဉ်ကွင်းမှာ အုတ်တံတိုင်းပြုလုပ်နေတယ်” ဟု အမည်မဖော်လိုသူ လေယာဉ်ကွင်းအနီးနေထိုင်သူ ဒေသခံတစ်ဦးက ပြောဆိုသည်။

မာန်အောင်ကျွန်းသည် တိုက်ပွဲဖြစ်ပွားလာပါက ထွက်ပြေးတိမ်းရှောင်စရာနေရာမရှိဘဲ ပင်လယ် ဝန်းရံထားသည့်  ကျွန်းတစ်ခုဖြစ်သောကြောင့် ပို၍ စိုးရိမ်စရာဖြစ်နေရသည်ဟု နောက်ထပ် မာန်အောင်ဒေသခံတစ်ဦးမှ ပြောသည်။

မာန်အောင်ကျွန်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း အနီးဆုံးတွင်တည်ရှိသည့် ရမ်းဗြဲကျွန်း၌ ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့သည် တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားနေကြောင်း သိရသည်။

လက်ရှိ ရမ်းဗြဲမြို့အား ရက္ခိုင့်တပ်တော်မှ ထိန်းချုပ်ထားနိုင်ပြီဟု သတင်းများထွက်ပေါ်နေသော်လည်း ရက္ခိုင့်တပ်တော်မှ အတည်ပြုချက် ထုတ်ပြန်ထားခြင်းတော့ မရှိသေးကြောင်း သိရသည်။ NN-006

ဆက်စပ် သတင်းများ