သဥ္ဇာနွယ်၊ နိရဉ္စရာ၊ မတ် ၂၁/ ၂၀၂၄
ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ တောကန်ကျေးရွာမှမီးမလောင်ဘဲကျန်ရှိနေသေးသည့် နေအိမ်များကို စစ်တပ်မှ ဖြိုဖျက်ပြီး ပြင်ပစီးပွားရေးသမားများကိုရောင်းစားလိုက်သဖြင့် တောကန်ကျေးရွာတွင် အိမ်တစ်ဆောင်မှ မကျန်တော့ကြောင်း ကျေးရွာသားများကနိရဉ္စရာ သတင်းဌာနကို ပြောကြားသည်။
စစ်တွေမြို့နယ်၊ တောကန်ကျေးရွာအား စစ်တပ်က မီးရှို့ပြီးနောက် မီးမလောင်ဘဲကျန်ရှိနေသေးသည့် နေအိမ်များကိုစစ်ကောင်စီ အမှတ် (၉၀၈) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းမှ ဖြိုဖျက်ပြီး စစ်တွေမြို့နယ်မှ မွတ်ဆလင်များကိုရောင်းချနေသည်ဟု စစ်တွေတောကန်ကျေးရွာမှ ဒေသခံတစ်ဦးက နိရဥ္စရာသတင်းဌာန ကိုပြောသည်။
“စစ်သားတွေ ရွာကို မီးရှို့တဲ့အချိန်ကစပြီး ရွာမှာလူမနေတော့တာ ကြာပြီ။ အခု မီးမလောင်ဘဲ ကျန်တဲ့ အိမ်တွေကို မွတ်ဆလင်တွေကိုခေါ်ပြီးဖြိုဖျက်ခိုင်းတယ်။ ရောင်းစားတယ်။ မွတ်ဆလင်တွေက အစက မဝယ်ဘူး။ နောက် သစ်သားတွေတိုက်တွေကိုပါ တစ်ခုချင်းအလိုက် ရောင်တော့ အကုန်ယူခိုင်းလို့ သူတို့လည်း ဝယ်ကြတာ။အခု တောကန်ရွာမှာ အိမ်တစ်ဆောင်မှမရှိတာ့ဘူး” ဟုပြောသည်။
ယင်းသို့ ရောင်းဝယ်မှုကို ယခုမတ်လ ပထမအပတ် ရက်ပိုင်းအတွင်းက စတင် ရောင်းချခြင်းဖြစ်ပြီးမွတ်ဆလင်များကလည်း ထော်လာဂျီများဖြင့် ပြောင်းရွေ့သယ်ယူနေကြသည်ကိုမြင်တွေ့ခဲ့ရသည်ဟု မျက်မြင်သက်သေတစ်ဦးက နိရဉ္စရာသတင်းဌာန ကိုပြောသည်။
“ ရောင်းတာက ရက်ပိုင်းလောက်ရှိပြီ အခုမှထော်လာဂျီတွေမြို့ထဲကိုရောက်လို့။ ပြောင်းရွေ့နေတာကို ကိုယ်တွေ့မြင်လိုက်၇တာ” ဟုပြောသည်။
၄င်းတောကန်ရွာမှ နေအိမ်များကို စစ်တွေမြို့၊ ရထားလမ်း ဘေးနားရှိ မွတ်ဆလင်ရွာများကရွာသားများက ဝယ်ယူကြသည်ဟု စစ်တွေမြို့ခံများကပြောသည်။
တောကန်ကျေးရွာကိုအကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကောင်စီအင်အား ၅၀ခန့်ဖြင့် ဇန်နဝါရီ ၁၅ ရက်နံနက်က ရွာကို ဝင်ရောက်လာပြီးမီးရှို့ခဲ့သဖြင့် အိမ်ခြေ ၈၀ ခန့် မီးလောင်သွားခဲ့၇သည်။
တောကန်ကျေးရွာတွင် အိမ်ခြေ၂၀၀ကျော်ရှိပြီး လက်ရှိတွင် စစ်ကောင်စီမှ ကျန်နေသည့် နေအိမ်များကို ရောင်းစားလိုက်သည့်အတွက်အိမ်တစ်အိမ်မှ မရှိတော့ကြောင်း ရွာသားများကပြောသည်။
ယခုကဲ့သို့ စစ်ကောင်စီ၏လုပ်ရပ်အပေါ် ခံပြင်းမိပြီး ရက္ခိုင့်တပ်တော်အနေဖြင့် တရားမျှတမှုကို ပြန်ယူပေးရန်တောင်းဆိုသည်ဟု တောကန်ကျေးရွာသား တစ်ဦးကနိရဥ္စရာကိုပြောသည်။
“ ဒီအကြမ်းဖက်စစ်ကောင်စီရဲ့လုပ်ရပ်က နှိုင်းယှဉ်စရာတောင် မရှိတော့ဘူး။ ရွာကိုလည်း မီးရှို့တယ်။ကျန်တဲ့အိမ်တွေကိုလည်း ရောင်းစားတယ်ဆိုတော့ တရားလွန်သွားပြီ။ ဒီတရားမျှတမှုတွေကိုရက္ခိုင့်တပ်တော်ကိုပြန်လုပ်ပေးဖို့တောင်းဆိုချင်တယ်” ဟုပြောသည်။
ယင်းအပြင် လွန်ခဲ့သည့် ၂၀၂၃ခုနှစ် ဒီဇင်ဘာ ၂၃ ရက် မွန်းလွဲ ၂နာရီ ခန့်ကလည်း တောကန် ကျေးရွာကို စစ်တပ်အင်အား ၅၀ ခန့် ပါဝင်သည့် စစ်ကြောင်းတစ်ခုသည် ရွာထဲက စက်လှေဆိပ်ကို ဝင်ရောက်လာပြီး ဆန်နှင့် စပါးအိတ် အများအပြားကိုယူဆောင်သွားခဲ့သေးသည်။