တနင်္ဂနွေ၊ စက်တင်ဘာလ ၈ရက်၊ ၂၀၂၄

စစ်တွေမြို့နယ် အောင်တိုင်ကျေးရွာသားတစ်ဦးအား စစ်တပ်ကလည်ပင်းကိုကြိုးဖြင့်ချည်၍ ရိုက်နှက်ဖမ်းဆီး ခေါ်ဆောင်သွားဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 1.6k

အိမ်စိုးဖြူ၊ နိရဉ္စရာ၊ ဇွန် ၁၂/ ၂ဝ၂၄

ရွာလုံးကျွတ် အတင်းပြောင်းရွှေ့ခိုင်းသည့် စစ်တွေမြို့နယ် အောင်တိုင်ကျေးရွာမှ ရွာသား တစ်ဦးအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက လည်ပင်းကိုကြိုးဖြင့်ချည်၍  ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါကျေးရွာသားမှာ အသက် (၅ဝ) ကျော်အရွယ် ဦးအောင်သန်းဆိုသူဖြစ်သည်။

၎င်းအာ လွန်ခဲ့သည့် တနင်္လာနေ့ (ဇွန်လ ၁ဝရက်နေ့)က ၎င်း၏ နေအိမ်ကြက်ခြံမှနေ၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ခေါ်ဆောင်သွားကြောင်း ဒေသခံ များက နိရဉ္စရာအားပြောသည်။

ဒေသခံတစ်ဦးက “အောင်တိုင်ကျေးရွာက ဦးအောင်သန်းကို လည်ပင်းကို ကြိုးကွင်းစွပ်ပြီး ရိုက်နှက် ခေါ်သွားတယ်။ ပိုက်ဆံတွေလည်းသိမ်းယူသွားတယ်လို့ သိရပါတယ်” ဟု ပြောသည်။

ဦးအောင်သန်းမှာ ကြက်မွေးမြူရေးလုပ်ငန်းဖြင့် အသက်မွေး ဝမ်းကြောင်းပြုနေသူဖြစ်ကြောင်း သိရသည်။

အောင်တိုင်ကျေးရွာမှ အမျိုးသမီးတစ်ဦးက “ ဖမ်းသွားတာကို သိပေမယ့် ဘာကြောင့်ဖမ်းတာလဲတော့ မသိပါဘူး။ ပိုက်ဆံတွေပါသွားလို့ သူ့မိန်းမက သူတို့မှာ စစ်တွေကိုပြောင်းဖို့ ပိုက်ဆံမရှိဘူးဆိုပြီး ရွာမှာ နေကျန်ခဲ့ပါတယ်။ ရွာမှာလူတောင်မကျန်တော့ပါဘူး။ သူတို့လောက်ပဲကျန်ခဲ့မယ်ထင်ပါတယ်” ဟု ပြောသည်။

စစ်တွမြို့နယ်အတွင်းမှ အောင်တိုင်၊ရေချမ်းပြင်၊ကြွီတဲ၊ ကြွီတဲပိုက်ဆိပ်ချေ၊ ကြွီတဲပိုက်ဆိပ်ကြီး၊ အုန်းရေဖော်၊ ကျက်တောပြင်၊ ပလ္လင်ပြင် ၊ မောင်နီပြင်၊ ပျားလည်ချောင်းရွာဟောင်း၊ ပျားလည်ချောင်း ရွာသစ်နှင့် သင်ပုန်းတန်း ကျေးရွာသားများကို ဇွန်လ ၁၄ ရက်နေ့ နောက်ဆုံးထားပြီးပြောင်းရွှေ့ကြရန် စစ်ကောင်စီက အမိန့်ထုတ်ထားကြောင်းသိရသည်။

၎င်းအပြင် ကျေးရွာသားများ စစ်တွေမြို့အတွင်းသို့သာပြောင်းရွှေ့ရန်နှင့် ရခိုင်ပြည်အတွင်းမှ အခြား မြို့နယ်များသို့ ပြောင်းရွှေ့ခြင်းမပြုကြရန် စစ်ကောင်စီက တားမြစ်ထားသည်။

လက်ရှိတွင် အဆိုပါ ကျေးရွာများမှ သောင်းနှင့်ချီ ရှိသည့် ဒေသခံများမှာ စစ်တွေမြို့ပေါ်မှ အသိဆွေမျိုးအိမ်များနှင့် ဘုန်းတော်ကြီးကျောင်းများတွင် ခိုလှုံနေကြကြောင်းသိရသည်။ ( ဓာတ်ပုံ- ပုံဟောင်းသာ)

ဆက်စပ် သတင်းများ