သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

သံတွဲတွင် စစ်မှုထမ်းဥပဒေကြောင့် နုတ်ထွက်စာတင်သည့် အုပ်ချုပ်ရေးမှူးများ ရေတပ်ဗိုလ်မှူး ခြိမ်းခြောက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 998

စိုးစံအောင် ၊ နိရဉ္စရာ၊ ဧပြီ ၁ / ၂၀၂၄

သံတွဲမြို့နယ်ထဲတွင် စစ်မှုထမ်းဥပဒေဖိအားများကြောင့် နုတ်ထွက်စာတင်သည့် ကျေးရွာ အုပ်ချုပ်ရေးမှူးများအား စစ်ကောင်စီရေတပ်ဗိုလ်မှူး အဆင့်ရှိသူက ခြိမ်းခြောက်ပြောဆိုကြောင်း သတင်းရရှိသည်။

မတ်လ ၂၉ ရက်က ကျေးရွာအုပ်ချုပ်ရေးမှူးများအား သံတွဲခရိုင်ထွေအုပ်ရုံးသို့ အစည်းအဝေး ခေါ်ယူခဲ့ပြီး နုတ်ထွက်စာတင်သည့် အုပ်ချုပ်ရေးမှူးများကို ရေတပ်ဗိုလ်မှူးက ခြိမ်းခြောက် ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း ရပ်ကျေးအုပ်ချုပ်ရေးနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

" စစ်မှုထမ်းဥပဒေကြောင့် သံတွဲမြို့နယ်မှာ ကျေးရွာအုပ်ချုပ်ရေးမှူး အတော်များများ နုတ်ထွက်စာ တင်ကြတယ်။ အဲဒီလို နုတ်ထွက်စာတင်တာကို အုပ်ချုပ်ရေးမှူးတွေ ကိုယ့်ဘဝကိုယ်တွေးဆိုပြီး ခြိမ်းခြောက်တာ။ နေဗီက ဗိုလ်မှူးတယောက်ကအဲဒီလိုပြောတာ" ဟု သူကပြောသည်။

ကျေးရွာအုပ်ချုပ်ရေးမှူးများမှာ စစ်ကောင်စီ၏ဖိအားပေးမှုများနှင့် ကျေးရွာသားများ၏ မကျေမလည်အငြိုးအတေးထားခံရမှုများကြား အကျပ်ရိုက်ကာ နုတ်ထွက်စာတင်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့နှုတ်ထွက်စာတင်ခဲ့သော်လည်း ပြည်ထဲရေးဝန်ကြီးဌာနအထိအဆင့်ဆင့် နုတ်ထွက်ခွင့် ရယူရမည်ဟု ဆိုကာ နှုတ်ထွက်ခွင့်အားလုံးကိုဆိုင်းငံ့ထားကြောင်းလည်းသိရသည်။

" အခုတကြိမ်မှာတော့ စစ်တပ်ဘက်ကအုပ်ချုပ်ရေးမှူးတွေကိုခြိမ်းခြောက်လာတာ။ သူတို့ခိုင်းတဲ့ အတိုင်း စစ်မှုထမ်းမစုဆောင်းပေးနိုင်ဘူးလို့ အုပ်ချုပ်ရေးမှူးတွေဘက်က ငြင်းဆန်ထားကြတော့ အကျပ်ကိုင်ပြီး ခြိမ်းခြောက်လာတာပေါ့။ ဒါတွေကိုကြည့်ရင် စစ်တပ်ဟာသူ့အလိုမကျရင် ကိုယ့်ဘက် သူ့ဘက်မခွဲခြားဘူး။ ဘယ်သူ့ကိုမဆို အကြမ်းဖက်ဖို့အဆင်သင့်ဆိုတာမျိုးပေါ့" ဟု ကျေးရွာ အုပ်ချုပ်ရေးပိုင်းနှင့် နီးစပ်သူတစ်ဦးကပြောသည်။

ထိုသို့ ​ရေတပ်ဗိုလ်မှူးကခြိမ်းခြောက်ပြီး နောက်တရက် ယမန်နေ့ မတ်လ ၃၀ ရက်က စစ်ကောင်စီ နေဗီမှသံတွဲမြို့နယ်အစပ် ဒေါ်မြရွာသစ်အနီးဝန်းကျင်နေရာများသို့ တိုက်ပွဲဖြစ်ပွားခြင်း တစ်စုံတစ်ရာမရှိဘဲ လက်နက်ကြီးများတရစပ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများကပြောသည်။

သံတွဲမြို့နယ်တွင် စစ်မှုထမ်းဥပဒေနှင့်ရွာသားများကိုဖိအားပေးသည့် ကျေးရွာအုပ်ချုပ်ရေးမှူးများ သတ်ဖြတ်ခံရမှုဖြစ်စဥ်လည်းရှိနေပြီး မတ်လ ၂၁ ရက်က ပြည်သူ့စစ်မှုထမ်းအတင်းစုဆောင်းနေသည့် သံတွဲမြို့နယ်၊ ဒါဝကျေးရွာ ရာအိမ်မှူး ဦးဝင်းရွှေမှာ သတ်ဖြတ်ခံခဲ့ရကြောင်းသိရသည်။

ဆက်စပ် သတင်းများ