ကြာသပတေး၊ မေလ ၂ရက်၊ ၂၀၂၄

သံတွဲတွင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဖွဲ့စည်းလိုက်ပြီ


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၀၈ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 2.7k

ရခိုင်ပြည်က ခရိုင်မြို့တစ်ခုဖြစ်သည့် သံတွဲမြို့တွင်  ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ကို စစ်ကောင်စီက ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ကို မတ်လ ၆ ရက်တွင်ဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီး ယနေ့မတ်လ ၈ ရက်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးများထံသို့ ညွှန်ကြားစာများပေးပို့ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

" သံတွဲမှာ စစ်မှုထမ်းဥပဒေဒီနေ့စပြီးအသက်ဝင်ပြီလို့ပြောတယ်ဗျ။အုပ်ချုပ်ရေးမှူးတွေကိုဒီနေ့ပဲ အမိန့်ညွှန်ကြားစာတွေပေးတာ" ဟု သံတွဲမြို့နယ်ဒေသခံလူငယ်တစ်ဦးကပြောသည်။

စစ်ကောင်စီ၏ဖွဲ့စည်းလိုက်သည့် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်လဝကဦးစီးမှူး၊ သံတွဲတပ်နယ် တပ်နယ်တပ်ရေးဗိုလ်ကြီး ရဲလင်းထက်နှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများအားလုံးပါဝင်သည်။

စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့၏ ဥက္ကဋ္ဌမှာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးမောင်သာစိန်ဖြစ်​ပြီး အတွင်းရေးမှူးမှာ တပ်နယ်တပ်ရေးဗိုလ်ကြီး ရဲလင်းထက်ဖြစ်ကြောင်းသိရသည်။

စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့က အချက် ၇ ချက်ကိုညွှန်ကြားထားသည်ဟု သိရသည်။

၄င်းတို့မှာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးသည် စစ်မှုထမ်းရမည့် အသက် အရွယ်ရှိသော နိုင်ငံသားများကို အသေးစိတ်စာရင်းပြုစု၍ မြို့နယ်အဖွဲ့သို့ ပေးပို့ရမည်ဖြစ်ပြီး မြို့နယ်အဖွဲ့သည် စစ်မှုထမ်းဆောင်ရမည့်သူက ဥပဒေအရ မိမိဖော်ပြရမည့် အကြောင်း အရာတစ်ခုခုနှင့် စပ်လျဉ်း၍ မမှန်မကန်ဖော်ပြခြင်းမပြုရန် စိစစ်ကြပ်မတ်ရန်ဟု ကနဦး ဖော်ပြထားသည်။

ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးမှ ပေးပို့လာသောစာရင်းများအား မြို့နယ်အဖွဲ့မှ စိစစ်၍ ခရိုင်အဖွဲ့သို့ ဆက်လက်တင်ပြရန်၊ မှတ်ပုံတင်လက်မှတ်အား ထုတ်ပေးနိုင်ရန် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးသို့ ပြည်သူ့စစ်မှုထမ်းဆောင်ရန် တာဝန်ရှိသည့် နိုင်ငံသားအား ဆင့်ခေါ်၍ ထုတ်ပေးရန်၊ မြို့နယ်အဖွဲ့သည် ခရိုင်အဖွဲ့မှ ပေးပို့သော တပ်မတော်(ကြည်း၊ ရေ၊ လေ) အတွက် ပြည်သူ့စစ်မှုထမ်းဆောင်ရမည့် အင်အားစီမံချက်ပါ အင်အားအနက်မှ မြို့နယ်အလိုက် သတ်မှတ်ခွဲဝေပေးထားသော အင်အားကို ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များမှ ပေးပို့ထားသည့် ပြည်သူ့စစ်မှုထမ်းဆောင်ရမည့်နိုင်ငံသားများစာရင်းထဲမှ ရွေးချယ်ရန်၊ ယင်းသို့ရွေးချယ်ရာတွင် အင်အားအချိုးအစားအပေါ် မူတည်၍ မဲနှိုက် ရွေးချယ်ရန်၊ ရွေးချယ်ထားသည့် စစ်မှုထမ်းဆောင်ရမည့် စာရင်းအား ခရိုင်အဖွဲ့သို့ ဆက်လက်တင်ပြရန်ဟုလည်းပါရှိသည်။

ပြည်သူ့စစ်မှုထမ်းရန် ရွေးချယ်ထားသော နိုင်ငံသားများအား မြို့နယ်အဖွဲ့၏ စီစဉ်မှုဖြင့် ဗဟိုအဖွဲ့မှ သတ်မှတ်ပေးထားသည့် မပျက်မကွက် သတင်းပို့ဆောင်ရွက်ရန်၊ တပ်မတော်ဆေးစစ်ရေး ဘုတ်အဖွဲ့များသို့ ခရိုင်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့၏ အခြားပေးအပ်သော လုပ်ငန်းတာဝန်များအား ဆောင်ရွက်ရန် စသည့်အချက်များပါရှိသည်။

ဖေဖော်ဝါရီ ၁၀ ရက်က စစ်ကောင်စီက ပြည်သူများ၏သဘောဆန္ဒနှင့်ဆန့်ကျင်သည့် စစ်မှု မထမ်း မနေရဥပဒေကို စတင်ကျင့်သုံးဖို့ ကြေညာခဲ့ပြီး စစ်ကောင်စီထိန်းချုပ်ရာမြို့များတွင် စစ်မှုထမ်း အတင်းအကျပ်စုဆောင်းမှုများ ပြုလုပ်နေခြင်းဖြစ်သည်။

စစ်မှုထမ်း ဥပဒေကြောင့် ရက္ခိုင့်တပ်တော်ထိန်းချုပ်နယ်မြေများသို့ ထွက်ပြေးခိုလှုံလာသည့် ပြည်သူအများစု ရှိနေကြောင်း၊ ၄င်းတို့ကိုလူမျိုးဘာသာမရွေးကောင်းမွန်စွာလက်ခံပေးထားကြောင်း၊ ခိုလှုံလာသူများ၏ဆန္ဒမပါဘဲ ရက္ခိုင့်တပ်တော်ထဲတွင်အတင်းအကျပ်စစ်မှုမထမ်းခိုင်းကြောင်း ရက္ခိုင့်တပ်တော်ပြောခွင့်ရသူ ဦးခိုင်သုခက မတ်လ ၄ ရက်သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။ (NN-23)

ဆက်စပ် သတင်းများ