စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

သံတွဲ သူဌေးရေအားလျှပ်စစ်စီမံကိန်းတွင် စစ်ကောင်စီက တပ်အင်အားဖြည့်တင်းပြီ အမြောက်လက်နက်ကြီးများအထိုင်ချ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 2.3k

စိုးစံအောင် ၊ နိရဉ္စရာ၊ မတ်လ ၂၅ / ၂၀၂၄

ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ သူဌေးရေအားလျှပ်စစ်စီမံကိန်းထဲတွင် စစ်ကောင်စီက အင်အား ဖြည့်တင်းပြီး လက်နက်ကြီးတပ် အထိုင်ချထားသည်ဟု သူဌေးရေအားလျှပ်စစ်စီမံကိန်းနှင့်နီးစပ်သည့် ဒေသအတွင်း သတင်းရင်းမြစ်အရ သိရသည်။

“  မနေ့ နေ့လယ်က လက်နက်ကြီးတွေသယ်လာပြီးတပ်လိုက်တာ။ဟောင်ဝစ်ဇာတွေ ငါးလက် ချထားတယ်" ဟု ပြောသည်။

ရေအားလျှပ်စစ်စီမံကိန်းထဲ မတ်လ ၂၄ ရက်နေ့က  ဟောင်ဝစ်ဇာ ၅ လက် အထိုင်ချ တပ်ဆင်လိုက်ခြင်းဖြစ်ကြောင်း ၎င်းသတင်းရင်းမြစ်က ပြောသည်။

" စစ်ဆင်ကွပ်ကဲမှုဌာနချုပ် စကခ (၅) အခြေစိုက်တောင်ကုတ်မြို့နယ်အပါအဝင် ရခိုင်တောင်ဘက် မြို့နယ်များတွင် တိုက်ပွဲများဖြစ်လာသော်လည်း သူဌေး ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်မှုမှာ စစ်ကောင်စီ ၏လုံခြုံရေးအစီအစဥ်ဖြင့် ဆက်လက်လည်ပတ်နေဆဲဖြစ်သည်။

သူဌေးရေအားလျှပ်စစ်စီမံကိန်းနှင့် ၂ မိုင်ခန့်အကွာ သံတွဲမြို့နယ်အစပ်နှင့် တောင်ကုတ် မြို့နယ် အစပ်တို့တွင်လည်း စစ်ကောင်စီနှင့်ရက္ခိုင့်တပ်တော်တို့ တောက်လျှောက် စစ်ရေးတင်းမာနေသည်။


(ဓာတ်ပုံ-ဆင်ဟွာ)

အထူးသဖြင့် တောင်ကုတ်မြို့နယ်၊ ဟုန်းပေါက်ကျေးရွာအနီးတဝိုက်နှင့် ဒေါ်မြရွာသစ်အနီးရှိ ချီချောင်းဒေသများကို တိုက်ပွဲမဖြစ်ဘဲ စစ်တပ်ကဂျက်တိုက်လေယာဥ်ဖြင့်ဗုံးကြဲမှုအပြင် နေဗီမှပစ်ခတ်မှုများရှိနေကြောင်း ဒေသခံများကပြောသည်။

သူဌေးရေအားလျှပ်စစ်အတွင်းလုပ်ကိုင်နေသည့် နေ့စားအလုပ်သမားများကို မှတ်ပုံတင်စစ်ဆေးပြီးမှ လုပ်ငန်းခွင်အဝင်အထွက်ခွင့်ပြုခြင်း၊ ယာဥ်မောင်းများအား အပြင်ထွက်ခွင့်တားမြစ်ခြင်းများကို စစ်ကောင်စီ၏လုံခြုံရေးစစ်သားနှင့်ရဲများက တင်းတင်းကျပ်ကျပ်ပြုလုပ်နေကြောင်း နေ့စား အလုပ်သမားများက ပြောဆိုကြသည်။

"ရေအားထဲက ကားမောင်းသမားမှန်သမျှ အပြင်ထွက်ခွင့်မပေးဘူး။ အထဲမှာ စစ်သားနဲ့ရဲတွေ ၇၀ လောက်ချထားတယ်" ဟု နိရဥ္ရရာ၏သတင်းရင်းမြစ်က ပြောသည်။

ယနေ့မတ်လ ၂၄ ရ​က်မနက်ပိုင်းကလည်း သူဌေးရေအားလျှပ်စစ်စီမံကိန်းနှင့်သိပ်မဝေးသည့် ဟုန်းပေါက်ကျေးရွာအနီး ဇင်ပြွန်းတောင်ဘက်ကို စစ်တပ်နေဗီမှ လက်နက်ကြီး ၅ ကြိမ်ထက် မနည်းလှမ်းပစ်ခတ်ခဲ့ကြောင်း ဒေသခံများကပြောသည်။

မတ်လ ၂၀ ရက်၊ နေ့လယ် ၁ နာရီအချိန်လောက်က လည်း တောင်ကုတ်မြို့နယ်၊ ဟုန်းပေါက် ကျေးရွာနှင့် သံတွဲမြို့နယ် ဒေါ်မြရွာသစ်ကြားမှ ချီချောင်းအနီးတောင်များကို စစ်တပ်က ဂျက်တိုက်လေယာဥ်ဖြင့် ဗုံးကြဲခဲ့ကြောင်း ဒေသခံတစ်ဦးကပြောသည်။

ဆက်စပ် သတင်းများ