သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

စစ်တွေမြို့ပြင်ရှိ အရပ်သားများပိုင် မော်တော်ဘုတ်များနှင့် သမ္ဗာန်များကို စစ်ကောင်စီ မီးရှို့ဖျက်ဆီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.3k

အေးမြတ်ခိုင်၊ နိရဉ္စရာ၊ ဧပြီလ ၁၃/၂၀၂၄

စစ်ကောင်စီသည် စစ်တွေမြို့ ရေတပ်စခန်းအနီးရှိ ရွှေမင်းဂံချောင်းထဲနှင့် ကျေးတောရွာမမှ  စစ်ဘေးရှောင်နေကြရသည့် အရပ်သားများပိုင်ဆိုင်သော မော်တော်ဘုတ်များနှင့် သမ္ဗာန်များကို မီးရှို့ဖျက်ဆီးပစ်ခဲ့သည်ဟု သတင်းရရှိသည်။

ဧပြီလ ၁၀ ရက် နံနက် ၈ နာရီခန့်တွင် စစ်တွေမြို့၊ ရွှေမင်းဂံရေတပ်စခန်းမှ စစ်ကောင်စီ တပ်သားများသည် ရွှေမင်းဂံ ချောင်းထဲကမ်းနားတွင် လူမရှိဘဲ ရပ်ထားသည့် အရပ်သားများ၏ မော်တော်ဘုတ်များကို မီးရှို့ခဲ့ကြောင်း မျက်မြင်တစ်ဦးက ပြောသည်။

"သူတို့  ရွှေမင်းဂံ ကမ်းနားတလျှောက် ခြံစည်းရိုးတွေခတ်ပြီး ကမ်းကပ်ထားတဲ့ စက်လှေတွေ၊ သမ္ဗာန်တွေကို မီးရှို့တာကို အဝေးကနေမြင်နေရပါတယ်။ ဘယ်နှစ်စီးလည်း ဆိုတာတော့ အတိအကျ မမြင်ရပါဘူး။ အဲ့ဒီဘုတ်ပိုင်ရှင်တွေက အများစုမရှိကြတော့ပါဘူး။ စစ်ရေးအခြေအနေအရ တိမ်းရှောင်သွားကြပါပြီ။ အဲ့ဒါကြောင့် ဘယ်သူ့ဘုတ်တွေဆိုတာ မသိရဘူး" ဟု ပြောသည်။

ယင်းအပြင် ဧပြီလ ၁၀ ရက်နေ့၌ စစ်တွေမြို့ ကျေးတောရွာမဘုရား အရှေ့ဘက်ရှိ ချောင်းကမ်းတွင် ကမ်းတင်ထားသည့် ဘုတ် သုံးစီးကိုလည်း စစ်သားနှင့်ရဲ ပူးပေါင်းအဖွဲ့က  ညနေ ၄ နာရီခန့်တွင် မီးရှို့ခဲ့‌သည်ဟု အမည်မဖော်လိုသူတစ်ဦးက ပြောသည်။

“ရဲရော စစ်သားရောပါပါတယ်။ အရပ်သားတွေ  စစ်ဘေးရှောင်နေတော့ သူတို့ ဘုတ်တွေ၊ သမ္ဗာန်တွေကို ကမ်းတင်ထားခဲ့တာ။ အဲ့ဒါတွေကို မီးရှို့နေတာ " ဟု ပြောသည်။

ယခုကဲ့သို့ အရပ်သားစက်လှေများအား မီးရှို့ဖျက်ဆီးနေခြင်းသည် ဒေသခံများ မြို့မှ ထွက်မပြေးနိုင်စေရန် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်နိုင်ကြောင်းလည်း သူက သုံးသပ်ပြောဆိုသည်။

စစ်ကောင်စီသည် စစ်တွေမြို့တွင် စစ်ရေးပြင်ဆင်မှု အကြီးအကျယ်ပြုလုပ်နေပြီး မြို့အဝင် နေရာများနှင့် ရေကြောင်းအဝင်အထွက်နေရာများကို လုံခြုံရေးအဆင့်ဆင့်တိုးမြှင့်နေကာ နေ့ညမပြတ် ကင်းချထားကြောင်း ဒေသခံများက ပြောသည်။

ယင်းအပြင် စစ်တွေမြို့ နှင့်အနီးတဝိုက်ကျေးရွာများတွင်လည် မိုင်းထောင်ခြင်း စစ်ဘေးရှောင်ရန် မြို့မှထွက်ခွာသည့် အရပ်သားများအား ဖမ်းဆီးခြင်းများကို ဆက်တိုက် လုပ်ဆောင်နေကြောင်း သိရသည်။

ပုံစာ - ပုဏ္ဏားကျွန်းမြို့နယ် ရဲရိုးပြင်ကျေးရွာကို ၂၀၂၃ ခုနှစ်ဒီဇင်ဘာ ၃ ရက်နေ့က စစ်ကောင်စီတပ်က မီးရှို့နေစဉ်)

ဆက်စပ် သတင်းများ