သောကြာ၊ မေလ ၃ရက်၊ ၂၀၂၄

မြေပုံမြို့နယ်တွင် စစ်ကောင်စီ၏ နေဗီက ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ထိမှန်ပြီး အမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 975

အောင်ကြွယ်ငြိမ်း၊ 

နိရဉ္စရာ၊ ဧပြီ ၂၀/ ၂၀၂၄

ရခိုင်ပြည်၊ မြေပုံမြို့နယ်တွင် စစ်ကောင်စီ၏ နေဗီက ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ထိမှန်ကာ အမျိုးသမီးတစ်ဦးပွဲချင်းပြီး သေဆုံးသွားသည်ဟု သတင်းရရှိသည်။

သေဆုံးသွားသည့် အမျိုးသမီးမှာ မြေပုံမြို့နယ်၊ စညှင်းကျေးရွာမှ အသက်(၂၅)နှစ်အရွယ် မမေသန္တာခိုင်ဖြစ်သည်။

ယနေ့ ဧပြီလ ၂၀ရက်၊ နေ့လယ် ၁၁ နာရီ ၂၀မိနစ်အချိန်ခန့်တွင် မြေပုံမြို့နယ်၊ ကျွန်းသာယာဖက်၊ နောင်တော်ကြီးမြစ်အတွင်းမှ စစ်ကောင်စီ၏ နေဗီက ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် စညှင်းကျေးရွာထဲသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး မမေသန္တာခိုင်၏ ရင်ဘတ်ကို ကျည်စထိမှန်သဖြင့် သေဆုံးသွားခြင်းဖြစ်သည်ဟု သိရသည်။

စညှင်းကျေးရွာအုပ်ချုပ်ရေးမှူးက"ပစ်တဲ့အသံတော့ မကြားရဘူး။ လက်နက်ကြီးလာကျမှ အသံကြားရတာ။ ရင်ဘတ်မှာကျည်စထိလို့ အဲ့ဒီကလေးမတော့ ပွဲချင်းပြီးသေဆုံးသွားပါတယ်။ တခြားထိခိုက်ဒဏ်ရာရတာတော့ မရှိပါဘူး" ဟု  ပြောသည်။

မြေပုံမြို့နယ်တွင် ယနေ့ဧပြီလ ၂၀ရက်နေ့၌ တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ နောင်တော်ကြီးမြစ်အတွင်းရှိ စစ်ကောင်စီ၏ နေဗီက လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။

လက်ရှိတွင် မြေပုံမြို့နယ်၊ စညှင်းရွာမှ ဒေသခံများမှာ ဗုံးခိုကျင်းများနှင့် ဘေးလွတ်ကင်းရာနေရာများတွင် ခိုလှုံနေကြရသည်ဟု သိရသည်။

ပုံစာ- လက်နက်ကြီးကျည်စ ထိမှန်ကာ သေဆုံးသွားသည့် မမေသန္တာခိုင် 


ဆက်စပ် သတင်းများ