ကြာသပတေး၊ မေလ ၂ရက်၊ ၂၀၂၄

အင်ဖန်တီနို၊ ကာတာ ကမ္ဘာ့ဖလား နဲ့ လူ့အခွင့်အရေး...။


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ နိုဝင်ဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 10.3k

" ကျွန်တော် ဥရောပသားတစ်ဦးပါ။ ဥရောပသားတွေနဲ့ အနောက်ကမ္ဘာက သင်္ခန်းစာတွေ အများကြီး ကျွန်တော်တို့ သင်ယူခဲ့ကြတယ်။

" စာရိတ္တသင်္ခန်းစာ" ( Moral lessons ) တွေကို မပေးခင် ကမ္ဘာမှာ ကျွန်တော်တို့ နှစ်ပေါင်း ၃၀၀၀ လောက် လုပ်ခဲ့တာတွေအတွက် နောက် နှစ်ပေါင်း ၃၀၀၀ လောက် ကျွန်တော်တို့ တောင်းပန်သင့်တယ်"

" ခုလို တစ်ဖက်သတ် စာရိတ္တသင်္ခန်းစာ Moral lessons တွေပေးနေတာဟာ ဥရောပသားတွေရဲ့ ကိုယ့်ကိုကိုယ် အထင်ကြီးနေမှုသက်သက်ပါပဲ။ ကျွန်တော် အံ့ဩတာ ၂၀၁၆ ကတည်းက တိုးတက်လာတဲ့ ဖြစ်စဉ်တွေကို အသိအမှတ်ပြုသူတစ်ယောက်မှ မရှိတာပဲ"

 ဒါကတော့ မနေ့က သတင်းစာရှင်းလင်းပွဲမှာ ဖီဖာဥက္ကဌ အင်ဖန်တီနို ပြောသွားတဲ့ စကားတွေထဲက ကောက်နုတ်ချက်တချို့ပါ။ အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း ခု စတင်ကျင်းပတော့မယ့် ကာတာကမ္ဘာ့ဖလားပွဲ နဲ့ ပတ်သက်ပြီး ပြိုင်ပွဲမတိုင်မီကတည်းက ဝေဖန်မှုမျိုးစုံ ထွက်ပေါ်နေခဲ့ပါတယ်။

အထူးသဖြင့် ရွှေ့ပြောင်းအလုပ်သမားများအရေး၊ လူ့အခွင့်အရေးချိုးဖောက်မှုများ နဲ့ လိင်ခွဲခြားမှု တွေပါ။ ဝေဖန်မှုမျိုးစုံတွေအတွက် အင်ဖန်တီနိုက စိတ်မသက်မသာ ဖြစ်ရသလို လက်ရှိအခြေအနေတွေအတွက် ကာတာဘက်ကနေ ထောက်ခံစကားပြောသွားပြီး အနောက်အုပ်စုက ဝေဖန်သူတွေနဲ့ မီဒီယာတွေကို အပြစ်တင်သွားခဲ့တယ်။

 အနောက်နိုင်ငံသားတွေဟာ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးရောဂါစွဲကပ်နေသူလို့လည်း ပြောဆိုသွားခဲ့တယ်။

 သူက ပြိုင်မတိုင်မီ တစ်ရက်အလို အဆင်သင့်အနေအထားရောက်နေတဲ့ ကာတာရဲ့ အခြေအနေတွေကို ပြောပြပြီး အမျ်ိုးမျိုးအဖုံဖုံသော ဝေဖန်မှုတွေကို တစ်နာရီကျော်ကြာ ရှင်းပြသွားခဲ့တယ်။ အထူးသဖြင့် ကာတာမှာ ကမ္ဘာ့ဖလားပြိုင်ကွင်းတွေ တည်ဆောက်စဉ် ရွှေ့ပြောင်းအလုပ်သမား ၆၅၀၀ ကျော် သေဆုံးခဲ့ရတယ်ဆိုတဲ့ မီဒီယာတွေရဲ့ ရေးသားချက်၊ ရွှေ့ပြောင်းအလုပ်သမားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု တွေနဲ့ ပတ်သက်ပြီး သူ့အတွေ့အကြုံကို အခြေခံပြီး ဥရောပနိုင်ငံတွေကို ဝေဖန်သွားခဲ့တယ်။

" ကျွန်တော်ဟာ ရွှေ့ပြောင်းအလုပ်သမားတစ်ဦးရဲ့သားပါ။ ကျွန်တော့်မိဘတွေဟာ ဆွစ်ဇာလန်ကို ရွှေ့ပြောင်းအလုပ်သမားတွေအဖြစ် ပြောင်းရွှေ့ခဲ့တယ်။ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ဘဝ ဘယ်လောက်ခက်ခဲကြမ်းတမ်းတယ်ဆိုတာ ကျွန်တော်သိတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ငယ်ငယ်က အနှိမ်ခံ၊ အနိုင်ကျင့်ခံခဲ့ရတာပဲ"

အင်ဖန်တီနိုက ဥရောပမှာ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ဘဝဟာ ခက်ခဲတာ၊ တစ်နေရာက တစ်နေရာကို သွားဖို့တောင် မလွယ်တာ၊ လစာမလုံလောက်တာ၊ လုံခြုံမှု မရှိတာ အမျိုးမျိုးသော အခက်အခဲတွေကို ပြောပြတယ်။ ကာတာကမ္ဘာ့ဖလားစီမံကိန်းကြောင့် အာရှနိုင်ငံတွေက ရွှေ့ပြောင်းအလုပ်သမားတွေ အလုပ်ရခဲ့ကြောင်း၊ ဥရောပနိုင်ငံတွေဟာ ခုလို ထောင်သောင်းချီတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို လက်မခံကြောင်း၊ အလုပ်သမားအခွင့်အရေးတွေ အတွက် ဥပဒေတွေကိုပြင်ဆင်ဖို့လိုကြောင်း ပြောခဲ့တယ်။ ဒါ့အပြင် ဘောလုံး နဲ့ နိုင်ငံရေး ဟာ တခြားစီဖြစ်တယ်လို့ ကာကွယ်ပြောကြားခဲ့တယ်။

ကာတာကမ္ဘာ့ဖလားစီမံကိန်းမှာ ရွှေ့ပြောင်းအလုပ်သမား ၆၅၀၀ သေဆုံးရတယ်ဆိုတာ မဟုတ်ဘဲ စီမံကိန်းနဲ့ မသက်ဆိုင်တဲ့ နေရာတွေက စာရင်းတွေကို ထည့်ထားတယ်လို့ ဆိုတယ်။ တကယ် သေဆုံးခဲ့တာ ၃၇ ယောက်ဖြစ်ပြီး ၃ ယောက်သာ လုပ်ငန်းခွင် မတော်တဆနဲ့ သေဆုံးတာလို့ဆိုတယ်။ အလုပ်သမားတွေအတွက် အခွင့်အရေးတွေကို နောက်ပိုင်းမှာ ဥပဒေပြဌာန်းပြီး မြှင့်တင်ပေးခဲ့တယ်လို့ ဆိုတယ်။

ပြိုင်ပွဲ စတင်တော့မယ့် ခုချိန်မှာ ထွက်လာတဲ့ အသံတစ်သံက ကွင်းအတွင်း ဘီယာသောက်ခွင့် ပိတ်လိုက်တဲ့ ကိစ္စပါ။ " ခင်ဗျားတို့ ဘီယာမသောက်ဘဲ ခဏလောက် နေလို့မရဘူးလား" လို့ အင်ဖန်တီနိုက ပြောတယ်။ အမှန်တော့ ကာတာဖလားမှာ ဘီယာအပါအဝင် ယမကာသုံးဆောင်ခွင့်ကို လုံးဝ ပိတ်ပင်ထားတာတော့မဟုတ်ဘူး။ Fan Festival သတ်မှတ်ထားတဲ့ နေရာမှာ ကြိုက်သလောက်သောက်နိုင်သလို ပျော်ရွှင်စရာအစီအစဉ်အများအပြား ဖန်တီးပေးထားတယ်။

ဒါပေမယ့် ဘီယာတစ်လုံး ၁၂ ပေါင်လောက် ကျသင့်ပြီး ဈေးကြီးလှတယ်။

လူဦးရေ ၃ သန်းကျော်သာ ရှိတဲ့ ကာတာကမ္ဘာ့ဖလားကို ကမ္ဘာအရပ်ရပ်က ပွဲကြည့်ပရိသတ် တစ်သန်းကျော် လာရောက်မယ်လို့ ခန့်မှန်းထားတယ်။ ကမ္ဘာ့ဖလားကွင်းတွေကို လေအေးပေးစက်တပ်ဆင်ထားပေမယ့် အပြင်မှာ နေ့အပူချိန် ၃၂ ဒီဂရီ ရှိပြီးညနေပိုင်းမှာ ၂၂ဒီဂရီလောက်ရှိတယ်။ ကွင်းတွင်း ဘီယာသောက်ခွင့်မရတာနဲ့ပတ်သက်လို့ တချို့ကလည်း ဘောလုံးပွဲဆိုတာ ပါတီပွဲလို ပျော်ပျော်ပါပါးအားပေးဖို့ လာတာ၊ ဘီယာမသောက်ရတော့ ဘာမှ အဓိပ္ပါယ်မရှိဘူးလို့ စောဒက တက်ကြတယ်။လူ့အခွင့်အရေးသမာတွေကတော့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ပြဿနာ၊ လူ့အခွင့်အရေးပြဿနာ၊ gay နဲ့ LGTB လိင်ခွဲခြားဆက်ဆံမှုကိစ္စတွေကို ရှေ့တန်းတင်ပြီး ကာတာကမ္ဘာ့ဖလားအပေါ် ဝေဖန်ဆန့်ကျင်နေပေမယ့် ဖီဖာဥက္ကဌ အင်ဖန်တီနိုကတော့ ဝေဖန်သူတွေကို အပြစ်တင်သွားပြီး အိမ်ရှင်ကာတာဘက်က ရပ်တည်ကာကွယ်သွားခဲ့တယ်။

" အခု ပြောနေတာတွေဟာ ဟောဒီက ပဉ္စလက် ဘောလုံးလေး ကွင်းထဲ လှုပ်ရှားသွားတာနဲ့ လူတွေအားလုံးရဲ့ အာရုံဟာ ဒီဘောလုံးလေးပေါ် ရောက်ပြီး ကျန်တာအားလုံး မေ့သွားကြပါလိမ့်မယ်"

# CWM

20-11-2022


ဆက်စပ် သတင်းများ