- Web Master
- ၂၃ အောက်တိုဘာ ၂၀၂၄
ခိုင်လူလှ (ရိုးမမြေ)၊ နိရဉ္စရာ၊ မတ် ၂၁/၂၀၂၄
ရခိုင်ပြည် ဘူးသီးတောင်မြို့တွင် စစ်ကောင်စီက ဒေသအတွင်းက မွတ်ဆလင်ကျေးရွာသားများကို ရက္ခိုင့်တပ်တော်( AA) ဆန့်ကျင်သည့် ပိုစတာများ၊ ဆိုင်းဘိုးများကို ကိုင်ဆောင် ဆန္ဒပြခိုင်းခဲ့သည်ဟု သတင်း ရရှိသည်။
၄င်းဆန္ဒပြပွဲကို မတ်လ ၁၉ ရက်နေ့က ဘူးသီးတောင်မြို့ပေါ် လမ်းမများတွင် စစ်ကောင်စီတပ်၏ အစောင့်အရှောက်များဖြင့် ပြုလုပ်ခဲ့သည်ဟု မျက်မြင်ဒေသံများကပြောသည်။
မျက်မြင်ဒေသခံ တစ်ဦးက " ဆန္ဒပြတာမှာ မွတ်ဆလင် လူငယ်တွေနဲ့ စစ်ကောင်စီက မွေးထားတဲ့ လက်ကိုင်တုတ်တွေ အများအပြားပါဝင်တယ်။ အင်အားက ၂၀၀ လောက်ပါတယ်။ အဓိကတော့ အေအေကို ဆန့်ကျင်ကြောင်း ၊ မလိုလားကြောင်းထုတ်ဖော်တာပေါ့။ နောက်ကွယ်က စစ်ကောင်စီက ကြိုးကိုင်တာပေါ့" ဟုပြောဆိုသည်။
ဘူးသီးတောင်နှင့် မောင်တောမြို့နယ်သူ မွတ်ဆလင်အများစုနေထိုင်ရာမြို့နယ်များဖြစ်ကြပြီး ၂၀၁၇ ခုနှစ်က ပြုလုပ်ခဲ့သည့် စစ်ကောင်စီ၏ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးအတွင်း လူမျိုးတုန်း သတ်ဖြတ်မှုများကို ကျူးလွန်ခံရသည်ဟုဆိုကာ လူပေါင်း ၇ သိန်းခန့် သည် တစ်ဖက်နိုင်ငံ ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းသို့ ထွက်ပြေးသွားခဲ့ကြသည်။
“ အခုက သူတို့ကို လူမျိုးတုန်း သတ်ဖြတ်တယ်။ လူသားမျိုးနွယ်ဆိုင်ရာ စစ်ရာဇဝတ်မှုကို ကျူးလွန်တယ်ဆိုပြီး ICC မှာ အမှုဖွင့် တရားစွဲဆိုထားတယ်။ တစ်ဖက်မှာ ဒီလူသတ်မှုတွေကို ကျူးလွန်ထားတဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းပြီးတော့ ထောက်ခံနေကြတယ်။ စစ်ကောင်စီက ခိုင်းလို့ အတင်းလုပ်ရပါတယ်လို့ ပြောပေမယ့် လိုလိုလားလား ပါဝင်နေတာကို ဆန္ဒပြပွဲ ဓာတ်ပုံတွေက သက်သေခံနေတယ်။ သူတို့ရဲ့ရည်ရွယ်ချက်ကဘာလဲဆိုတာ နားတောင်မလည်တော့ဘူး" ဟု ဘူးသီးတောင် ဒေသခံ တစ်ဦးက သူ့အမြင်ကို ပြောသည်။
အဆိုပါ မွတ်ဆလင်များက စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေခြင်းအပေါ် သဘောထား မှတ်ချက်ကို သိလိုသဖြင့် မောင်တော- ဘူးသီးတောင် ဒေသခံ NUG လူ့အခွင့်အရေး ဒုဝန်ကြီး ဦးအောင်ကျော်မိုးအား ဆက်သွယ်မေးမြန်းရာ လက်ရှိ သတင်းရေးသားနေချိန်အထိ ပြန်လည် ဖြေကြားခြင်းမရှိသေးပါ။
သို့သော်သူ၏ ဆိုရှယ်မီဒီယာစာမျက်နှာတွင် ယခုလို ရေးသားထားသည်။
“ လတ်တလော ဘူးသီးတောင်မြို့မှာ ပြုလုပ်နေကြတဲ့ ULA/AA ဆန့်ကျင့်ကြောင်း ဆန္ဒပြပွဲတွေကို အကြမ်းဖက်စစ်ကောင်စီက နောက်ကွယ်ကနေ စေခိုင်းနေမှုက ပေါ်လွင်နေပါတယ်။ အကြမ်းဖက် စစ်တပ်က ULA/AA အပေါ် ရှုံးနိမ့်နေတာတွေကို အာရုံလွှဲဖို့ ရိုဟင်ဂျာတွေကို ကြားခံအဖြစ် အသုံးပြုနေတာပဲ ဖြစ်ပါတယ်။ ရိုဟင်ဂျာလူငယ်တွေကို စစ်သားအဖြစ် စုဆောင်းပြီး စစ်သင်တန်းပေးတာနဲ့ အခုလိုမျိုး လူမျိုးရေးပဋိပက္ခဖြစ်စေဖို့ ရည်ရွယ်တဲ့ ဆန္ဒပြပွဲတွေကို လုပ်ခိုင်းနေတာဟာ စစ်ကောင်စီအတွက်ပဲ အကျိုးအမြတ်ရှိနေတာဖြစ်ပြီး ရိုဟင်ဂျာအပါအဝင် အာရကန်ဒေသခံ မည်သူတစ်ဦးတဖွဲ့အတွက်မှ အကျိုးရလဒ် မရှိပါ။ ရိုဟင်ဂျာတွေ အတွက် ဒီအချိန်နဲ့ အခြေအနေဟာ အလွန်အင်မတန် အရေးကြီးနေပြီး အမှန်တရားဘက် ရပ်တည်ခဲ့တဲ့ သမိုင်းကောင်းတွေကို ဆက်လက်ထိန်းသိမ်းဖို့ လိုပါတယ်” ဟု ရေးသားဖော်ပြထားသည်။
ရခိုင်ပြည်အတွင်းရှိ မွတ်ဆလင်လူငယ်များအနေဖြင့် စစ်ကောင်စီက အတင်းအဓမ္မစစ်မှုထမ်းရန် ဆင့်ခေါ်ခံရပါက အေအေ ထိန်းချုပ်ထားသော နယ်မြေများတွင် ခိုလှုံနိုင်ကြောင်း ရက္ခိုင့်တပ်တော်က ကမ်းလှမ်းထားသော်လည်း တချို့မွတ်လင်များသည် စစ်ကောင်စီနှင့် ပူးပေါင်းကာ AA အား တိုက်ခိုက်နေကြောင်းသိရသည်။
ထိုသို့ ပါဝင်တိုက်ခိုက်နေသည်ကို ရသေ့တောင်တိုက်ပွဲတွင် သိမ်းဆည်းရမိသော စစ်ကောင်စီ ယူနီဖောင်းများနှင့်အတူ သေဆုံးနေသည့် မွတ်ဆလင်အလောင်းများကို မတ်လ ၂၀ ရက်နေ့က ရက္ခိုင့်တပ်တော်က ထုတ်ဖော်ပြသခဲ့သည်။
၎င်းပြင် ဘူးသီးတောင်မြို့တွင် စစ်သားများနှင့် စစ်မှုထမ်း မွတ်ဆလင်
၆၀ခန့်သည် မတ်လ ၁၈ ရက်နေ့ ညဥ့် ၁၁ နာရီအချိန်ခန့်က
အမှတ်(၄) ရပ်ကွက်ရှိ
NGO ဝန်ထမ်းဟောင်း၏နေအိမ်ကို
ဝင်ရောက် လုယက် ဖျက်ခဲ့ပြီး ရှေ့နေတစ်ဦး၏
နေအိမ်အပါအဝင် နေအိမ်တစ်ချို့ကို အင်အာသုံးဖြိုဖျက်ခဲ့ကာ ကားမှန်များကိုလည်း ရိုက်ခွဲဖျက်ဆီးခဲ့သည်ဟု
ဘူးသီးတောင်မြို့ခံတစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။
ယခုကဲ့သို့ စစ်ကောင်စီနှင့် ပူးပေါင်းပြီး ပဋိပက္ခဖြစ်စေရန် လုပ်ဆောင်နေမှုအပေါ် လက်မခံသည့် ဒေသခံ မွတ်ဆလင် အများအပြားရှိသည်ဟု သိရသော်လည်း စစ်ကောင်စီ၏ ခိုင်းစေမှုကြောင့် လူမျိုးရေး ဘာသာရေး ပဋိပက္ခဖြစ်စေရန် လုပ်ဆောင်လာမှု အပေါ် အထူးသတိထား စောင့်ကြည့်ရန် လိုအပ်နေသည်ဟု ဒေသအတွင်းက ပြည်သူများက ပြောဆိုသည်။
လက်ရှိ ဘူးသီးတောင်တွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေပြီး ခမရ (၅၅၂) ကို ရက္ခိုင့်တပ်တော်က ပြင်းထန်စွာ ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း သိရသည်။