အင်္ဂါ၊ ဇူလိုင်လ ၉ရက်၊ ၂၀၂၄

စစ်ကောင်စီက လူထုအပေါ် လေကြောင်းတိုက်ခိုက်မှုများကို ချင်းမိုင်မြို့တွင် သရုပ်ဖော်ပြသ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 2.7k

စစ်တပ်က အပြစ်မဲ့ပြည်သူများအပေါ် ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်နေသည့်အဖြစ်အပျက်များကို သရုပ်ဖော်ပြပွဲတစ်ခုအား ယမန်နေ့ အောက်တိုဘာ ၁၂ ရက် ညပိုင်းတွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ပြုလုပ်ခဲ့သည်ဟု သိရသည်။


အဆိုပါသရုပ်ဖော်ပြပွဲကို ထိုင်း-မြန်မာလူ့အခွင့်အရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူလူငယ်အဖွဲ့က ဦးဆောင်ကာ ချင်းမိုင်မြို့ရှိ Tha Phae Gate အနီးတွင် ၁ နာရီခန့်ကြာ သရုပ်ဖော်ပြသခဲ့ရာ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအပါအဝင် နိုင်ငံခြားခရီးသွားများလည်း လာရောက်ကြည့်ရှုခဲ့သည်။

ဦးဆောင်သည့်အဖွဲ့မှ တာဝန်ရှိလူငယ်တစ်ဦးက "အကြမ်းဖက်စစ်ကောင်စီရဲ့ ရုပ်ဆိုးအကျည်းတန်သော လူသတ်မှုတွေ၊ လူအစုံလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေနဲ့ ပြည်သူအများအပေါ် နည်းပေါင်းစုံနဲ့ ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်မှုတွေကို ဒီကနေ့ ဒီနေရာမှာ နိုင်ငံတကာနဲ့ လူထုအားလုံးသိအောင် တင်ပြပေးခြင်းဖြစ်ပါတယ်" ဟု ပြောသည်။

ယင်းသရုပ်ဖော်ပြပွဲတွင် ပြီးခဲ့သည့် အောက်တိုဘာလ ၉ ရက်၊ ညအချိန်က ကချင်ပြည်နယ်၊ လိုင်ဇာမြို့၊ မုန်လိုင်ခက်စစ်ဘေးရှောင်စခန်း၌ စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ဝ ဦးအပါအဝင် စစ်ဘေးရှောင် ၂၈ ဦး အစုလိုက်အပြုံလိုက်သေဆုံးခဲ့ရသည့် မှတ်တမ်းဓာတ်ပုံများကို ပြသခဲ့သည်။

အလားတူ ပြီးခဲ့သည့် ဧပြီလ ၁ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုင်မှုကြောင့် အရပ်သားပြည်သူ ၁၆၈ ဦးသေဆုံးမှုမှတ်တမ်းဓာတ်ပုံများကိုလည်း ပြသခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် နှစ်နှစ်ခွဲကျော်အတွင်း ရခိုင်ပြည်အပါအဝင် အခြားတိုင်းနှင့်ပြည်နယ် (၇) ခုတွင် စစ်ကောင်စီက အရပ်သားပြည်သူ ဆယ်ဦးအထက် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုမှာ (၂၂) အကြိမ်အထိ ဖြစ်ပွားခဲ့ပြီးဖြစ်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)က အောက်တိုဘာလ ၁၁ ရက်တွင် ထုတ်ပြန်ထားသည်။

အဆိုပါအကြိမ် ၂ဝ ကျော်အတွင်း အပြစ်မဲ့ အရပ်သားပြည်သူပေါင်း ၅၉၀ ဦး သေဆုံးခဲ့ရပြီဟုလည်း NLD ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
(NN - 9/ NN - 11)

ဆက်စပ် သတင်းများ