အင်္ဂါ၊ ဇူလိုင်လ ၉ရက်၊ ၂၀၂၄

နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့များ သွားလာခွင့်ကို စစ်ကောင်စီက ကန့်သတ်ထားဆဲဟု


  • ရေးသူ: Web Master (NN 14)
  • | ရက်စွဲ: ၂၀ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 2.7k

စစ်ကောင်စီက နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့အစည်းများ သွားလာခွင့်ကို ကန့်သတ်ထားဆဲဖြစ်သည့်အတွက် အကူအညီလိုအပ်နေသူများထံ သွားရောက်ကူညီရေးမှာ အခက်ကြုံနေကြသည်ဟု သိရသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပဋိပက္ခဒဏ်ကို ခံစားနေကြရသူများကို လိုအပ်သည့် လူသားချင်းစာနာမှု အကူအညီများပေးရန် သွားရောက်ခွင့်ရရှိရေးအပါအဝင် အထူးသဖြင့် ရခိုင်ပြည်မှ ကျေးလက်ဒေသများသို့ သွားရောက်ခွင့်ရရှိရေးမှာ စိန်ခေါ်မှု တစ်ခုအဖြစ်ရှိနေဆဲဖြစ်သည်ဟု အောက်တိုဘာလ ၁၉ ရက် ICRC ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

မြန်မာနိုင်ငံအနှံ့အပြားရှိ ပဋိပက္ခဒဏ်ခံနေရတဲ့နေရာတွေလို ရခိုင်တွင်လည်း အထူးသဖြင့် ကျေးလက်ဒေသတွေဆီကို အကူအညီတွေသွားရောက်ပေးအပ်ဖို့ရာ လိုအပ်တဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ သွားရောက်ခွင့် ခွင့်ပြုချက်ရရှိနိုင်မှုမှာ စိန်ခေါ်မှုတစ်ခုအဖြစ် ကျန်ရှိနေပါတယ်”ဟု ဖော်ပြထားသည်။

 

အားလုံးက လူသားချင်းစာနာမှုဆိုင်ရာ သွားရောက်ခွင့်ကို ခွင့်ပြုပေးပြီး အလေးထား ကူညီပံ့ပိုးပေးမှသာ ICRC အကူအညီများ ဘေးဖြစ်လွယ်သူများထံ ရောက်ရှိနိုင်မည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ရခိုင်ပြည်တွင် လွန်ခဲ့သည့် ဇွန်လ ၈ ရက်က ပြည်နယ်ကောင်စီ နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရအမိန့်နှင့် ပြည်တွင်း၊ ပြည်ပအကူအညီပေးရေးအဖွဲ့များ သွားလာခွင့်ကို ရုတ်တရက် ပိတ်ပင်ခဲ့သည့်အတွက် အခုအခါ ၅ လခန့်ကြာ မြင့်နေပြီဖြစ်သည်။

 

ပြည်တွင်း၊ ပြည်ပ အကူအညီပေးရေးအဖွဲ့များ သွားလာခွင့်ကို စစ်ကောင်စီက ပိတ်ပင်ခဲ့သည့်အတွက် မိုခါမုန်တိုင်းဒဏ်ခံခဲ့ရသည့် သိန်းနှင့်ချီသည့် ရခိုင်ပြည်သူများနှင့် စစ်ဘေးရှောင်စခန်းများတွင် နေထိုင်သူများအပါအဝင် အရေးပေါ်အကူအညီလိုအပ်နေသူများမှာ ယခုအချိန်အထိ အခက်အခဲနှင့် ကြုံတွေ့နေကြရသည်။

 

ယခုကဲ့သို့ သွားလာခွင့်များ ကန့်သတ်ခံထားရသော်လည်း ၂၀၂၃ ခုနှစ် ပထမ ခြောက်လပတ်အတွင်း ရခိုင်ပြည်မှ လူပေါင်း ၇ သောင်းကျော်အတွက် အခြေခံကောက်ပဲသီးနှံများနှင့် ဟင်းသီး၊ ဟင်းရွက်များ စိုက်ပျိုးရန်အတွက် မျိုးစေ့များ၊ လယ်ယာသုံးပစ္စည်းများနှင့် မြေသြဇာများ ပေးအပ်နိုင်ခဲ့ပြီး အကျဉ်းထောင်များမှ လွတ်မြောက်လာသူ ၂၇၆ ဦးကိုလည်း နေအိမ်များကို ပို့ဆောင်ပေးနိုင်ခဲ့သည်ဟုဆိုသည်။

 

ထို့အပြင် ဆေးကုသမှုအကြိမ် ၁၅၅၀ ပြုလုပ်ခဲ့ရာတွင်လည်း ခြေတု၊ လက်တု ၈၄ ခုနှင့် ဘီးတပ်ကုလားထိုင် ၂ လုံးအပါအဝင် ရွေ့လျားမှု အထောက်အကူပြုပစ္စည်း ၁၁၅ ခုကိုလည်း ပေးအပ်ခဲ့ပြီး လူပေါင်း ၇၉၄၄၂ ဦးအတွက်လည်း ရေ၊ မိလ္လာနှင့် နေထိုင်ရန် အမိုးအကာများကိုလည်း ကူညီပေးနိုင်ခဲ့သည်ဟု ဆိုသည်။

 

မြန်မာနိုင်ငံတစ်ဝန်းတွင် ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် နေရပ်စွန့်စွာသူ ၂ သန်းနီးပါးအတွက် အမိုးအကာ၊ ဆေးဝါးနှင့် ကျန်းမာရေးအကူအညီများလိုအပ်နေကြောင်းလည်း UN-OCHA Myanmar ကလည်း အောက်တိုဘာလ ၁၈ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ထိုအထဲမှ လူဦးရေ ၁ ဒသမ ၇ သန်းမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသည့် ပဋိပက္ခများကြောင့် မလုံခြုံသည့်အတွက် နေရပ်စွန့်ခွာရသူများဖြစ်သည်ဟု ဆိုသည်။ (NN-14)

 

Photo- ICRC

 

ပုံစာ- မကြာသေးမီက ဘူးသီးတောင်မြို့နယ်တွင် ICRC က ပြုပြင်ပေးခဲ့သည့် ရေလှောင်ကန်။

 

 

ဆက်စပ် သတင်းများ