အင်္ဂါ၊ ဇူလိုင်လ ၉ရက်၊ ၂၀၂၄

စစ်ကောင်စီသည် လူထု၏ရန်သူအဖြစ်သို့ရောက်သွားပြီဟု PNFC ဥက္ကဋ္ဌပြောဆို


  • ရေးသူ: Web Master (NN 15)
  • | ရက်စွဲ: ၂၀ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 2.8k

စစ်ကောင်စီသည် လူထု၏ရန်သူအဖြစ်သို့ရောက်သွားပြီဟု ပအိုဝ်းအမျိုးသားဖယ်ဒရယ်ကောင်စီ (PNFC) ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက နိရဥ္စရာသတင်းဌာနကို ပြောသည်။


စစ်ကောင်စီအနေနဲ့ နိုင်ငံတကာရော၊ ပြည်တွင်းပြည်ပရော အသိအမှတ်ပြုမှုတွေက အင်မတန်မှ အားနည်းပါတယ်။ တချို့လက်တစ်ဆုပ်စာနိုင်ငံတွေကလွဲရင် ဘယ်သူကမှ အသိအမှတ် ပြုကြတာမရှိပါဘူး။ သံတမန်ရေးမှာပေါ့နော်။ ထိုနည်းတူ နိုင်ငံရေးမှာလည်း လူထုရဲ့ရန်သူအဖြစ်ကိုရောက်သွားပြီဖြစ်ပါတယ်။ စစ်ကောင်စီအနေနဲ့ သူ့ဘက်ကအောင်မြင်မှုဆိုတာ မရှိတော့ပါဘူး။ ဆက်ပြီးတော့ ကျဆုံးရမှာဖြစ်ပါတယ်။ သို့သော်လည်း ကျွန်တော်တို့တော်လှန်ရေးက နိုင်အောင် ဘယ်လိုလုပ်မလဲ။ လက်ရှိမှာနိုင်အောင် ဘယ်လိုလုပ်မလဲဆိုတာ စဉ်းစားကြဖို့လိုပါတယ်”ဟု ပြောသည်။

စစ်ကောင်စီက မကြာသေးခင်ရက်ပိုင်းက ပြုလုပ်ခဲ့သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု သဘောတူစာချုပ်(NCA) (၈)နှစ်မြောက်အခမ်းအနားသည် လုပ်ပိုင်ခွင့်မရှိကြောင်းနှင့် NCA ကိုတလွဲအသုံးချပြီး နိုင်ငံတကာ၏အသိအမှတ်ပြုမှုအား ရယူဖို့ကြိုးစားနေခြင်းဖြစ်ကြောင်းလည်း နိုင်ငံရေးအသိုင်းအဝိုင်းက သုံးသပ်ထားသည်။

စစ်ကောင်စီသည် နည်းလမ်းပေါင်းစုံဖြင့် နိုင်ငံတကာ၏ အသိအမှတ်ပြုရန်ကြိုးစားနေသော်လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဉပဒေအရ အာဏာထိမ်းသည်ဟုဆိုကာ အာဏာသိမ်းခဲ့ပြီး အခြေခံဉပဒေကိုဖျက်ဆီး လိုက်သောကြောင့်လည်း နိုင်ငံတကာက အသိအမှတ်မပြုနိုင်ဖြစ်နေကြောင်း ခွန်မြင့်ထွန်းက ပြောဆိုသည်။

စစ်အာဏာရှင်စနစ်အားဆန့်ကျင်သည့်အင်အားစုများကြားတွင်လည်း ညီညွတ်ရန်လိုပြီး စုစုစည်းစည်းနှင့် တောင့်ခံထားပါက တော်လှန်ရေးသည် အချိန်မကြာမီ အောင်မြင်မည်ဖြစ်ကြောင်း သူက ပြောသည်။

တော်လှန်ရေးတစ်ရပ်ကို ဆင်နွှဲတဲ့အခါမှာတော့ အားနည်းချက်တွေရှိတယ်။ အားသာချက်တွေရှိတယ်။ အချိန်တိုအတွင်းမှာ ကျွန်တော်တို့ရတဲ့အတွေ့အကြုံတွေက အင်မတန်ထူးခြားပါတယ်။ ရင့်ကျက်မှုတွေကိုလည်း အများကြီးရပြီးဖြစ်ပါတယ်။ အရင်တုန်းက သုညကစခဲ့ရတယ်။ အခုလက်နက်ကိုင်တော်လှန်ရေးနယ်ပါ်မှာရော၊ အခြားသောစစ်ရေး၊ နိုင်ငံရေး၊ ဘဏ္ဍာရေး နယ်ပယ်မှာရော စစ်မျက်နှာပေါင်းစုံမှာ ဆင်နွှဲနေနိုင်ပြီဖြစ်ပါတယ်။ တော်လှန်ရေးထဲက ရရှိလာတဲ့အသိတွေဖြစ်တယ်။ မညီညွတ်ရင်မဖြစ်ဘူး။ ညီညွတ်မှဖြစ်မယ်ဆိုတဲ့အပေါ်မှာ သည်းခံစရာရှိတာ သည်းခံ၊ ဝေဖန်စရာရှိတာ ဝေဖန်။ တော်လှန်ရေးကို စုစုစည်းစည်း ညီညီညွတ်ညွတ်တက်နိုင်ဖို့ အဓိကလိုပါတယ်။ အားလုံး တောင့်ခံနိုင်ဖို့လိုပါတယ်”ဟု ပြောဆိုသည်။

ပအိုဝ်း‌ပြည်နယ်အား ဖက်ဒရယ်မူများနှင့်အညီ တည်ထောင်နိုင်ရန် PNFC က စက်တင်ဘာ ၂၄ ရက်တွင် အစည်းအဝေးကျင်းပခဲ့ပြီး ပအိုဝ်းပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပအိုဝ်းအမျိုးသားဒေသများဆိုင်ရာ လုပ်ငန်းစဉ်များကို ပြုစုရေးဆွဲရန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မုန်လိုင်ခက်စစ်ရှောင်စခန်းရှိ ကချင်ပြည်သူများအား စစ်ကောင်စီက အစုလိုက် အပြုံလိုက်သတ်ဖြတ်ခဲ့သည့် အပေါ် ပြင်းထန်စွာကန့်ကွက်ရှုံ့ချကြောင်းလည်း ထုတ်ပြန်ကြေညာချက်လည်း PNFC က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- PNFC

 

 

ဆက်စပ် သတင်းများ