အင်္ဂါ၊ ဇူလိုင်လ ၉ရက်၊ ၂၀၂၄

စစ်ကောင်စီက ထောင်ဝင်စာတွေ့ခွင့်ပေးရာတွင် ကန့်သတ်ချက်များပြားမှုကြောင့် ထောင်ဝင်စာတွေ့သူများအခက်ကြုံ


  • ရေးသူ: Web Master (NN 13,NN 15)
  • | ရက်စွဲ: ၂၅ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 2.8k

ရခိုင်ပြည်နယ် စစ်တွေထောင်တွင် တစ်ခြားထောင်များနည်းတူ  ယမန်နေ့ အောက်တိုဘာ ၂၄ ရက် စပြီး ထောင်ဝင်စာ တွေ့ခွင့်ရပြီဖြစ်သော်လည်း ကန့်သတ်ချက်များပြားမှုကြောင့် ထောင်ဝင်စာ တွေ့သူများ အခက်အခဲကြုံနေရသည်ဟု သတင်းရရှိသည်။

ထောင်ဝင်စာသွားရောက်တွေ့ဆုံမည့်သူတွင် မှတ်ပုံတင်မူရင်း မိတ္တူ၊ အိမ်ထောင်စုဇယားမူရင်း မိတ္တူ၊  ရပ်ကွက်ထဲတွင်နေထိုင်ကြောင်း မူရင်း မိတ္တူ၊ ရဲစခန်းမှ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံချက်မူရင်း၊ ၎င်းမိတ္တူများအပြင် ကိုဗစ် ၂ ကြိမ်ထိုးထားသည်ဆိုသော ထောက်ခံချက်လည်း ပါရှိရမည်ဟု စစ်ကောင်စီက ကန့်သတ်ထားသည်။

၎င်းပြင် အကျဉ်းသားတစ်ဦးအား တစ်လလျှင် တစ်ကြိမ်သာ တွေ့ဆုံခွင့်ရမည့်အပြင် တွေ့ဆုံချိန်သည် မိနစ် ၂၀ သာဖြစ်ကြောင်း သိရသည်။

စစ်တွေအကျဉ်းထောင်သို့ ထောင်ဝင်စာသွားတွေ့ခဲ့သည့် အမျိုးသမီးတစ်ဦးက "ဒီအပတ်က ထောင်ဝင်စာသွားတွေ့တော့ ထောင်ဗူးကဝန်ထမ်းက လူတွေ့ခွင့်ရပြီလို့ ပြောလိုက်တယ်။ တွေ့ခွင့်က တစ်လမှာ တစ်ရက်ရမယ်လို့ ပြောလိုက်တယ်။ ရပ်ကွက်ထောက်ခံစာလိုတယ်တဲ့"ဟု ပြောသည်။

စစ်ကောင်စီ၏ ထောင်ဝင်စာတွေ့ခွင့်ကန့်သတ်ချက်များကြောင့် ထောက်ခံစာများ သွားတောင်းသည့် အခါနှင့် မိတ္တူများ သွားကူးနေရသည့် အခါများတွင် အချိန်ကုန်၊ လူပင်ပန်းပြီး ငွေကုန်ကြေးကျမှုများရှိနေ၍ စိတ်အနှောင့်အယှက် ဖြစ်နေကြရသည်ဟု ရခိုင်မှ ထောင်ဝင်စာ သွားတွေ့သူများက ပြောသည်။

ယခုကဲ့သို့ ထောင်ဝင်စာတွေ့ရာတွင် ကန့်သတ်ချက်များပြားမှုအပေါ်  နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့(FPPS) ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က ရပ်ကွက်ရုံးသွား။ ထောက်ခံချက်ယူရင်လည်း ငွေပေးရမယ်။ ရဲစခန်း သွားမယ်ဆိုရင်လည်း၊ ပြစ်မှုကင်းရှင်းကြောင်း ယူရင်လည်း ပိုက်ဆံပေးရမယ်။ ကိုဗစ်ဆိုရင်လည်း ဆေးရုံဆေးခန်းမှာ ပိုက်ဆံပေးရမယ်။ ဆိုတော့ ဒါတွေက သက်ဆိုင်ရာ ဌာနတွေအတွက် သူက လာဘ်ပေး လာဘ်ယူမှုလုပ်ဖို့ လမ်းဖွင့် ပေးလိုက်တာပေါ့နော်။ ငွေရေးကြေးရေးအဆင်ပြေဖို့အတွက်ကို လမ်းဖွင့်ပေးလိုက်တဲ့အခါကျတော့ အဲ့လို အစီအစဉ်မျိုးကို ကန့်ကွက်ရှုံ့ချတယ်ဗျဟု နိရဥ္စရာသို့ပြောသည်။

ကိုဗစ် - ၁၉ ကြောင့် ၂၀၂၀  ပြည့်နှစ်ကတည်းက ပိတ်ထားခဲ့သည့် အကျဉ်းသားများနှင့် မိသားစုဝင်များ ထောင်ဝင်စာ တွေ့ခွင့်အား စစ်ကောင်စီက အောက်တိုဘာလ ၂၄ ရက်မှစပြီး နိုင်ငံတစ်ဝန်းမှ အကျဉ်းထောင်များတွင် ပြန်လည် ခွင့်ပြုလိုက်ပြီဖြစ်ရာတွင် ကန့်သတ်ချက်များကြောင်း ထောင်ဝင်စာတွေ့သူများ အခက်ကြုံနေရခြင်း ဖြစ်ကြောင်း သိရသည်။

ရခိုင်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်များအဖွဲ့မှ ဒါရိုက်တာဦးမြတ်ထွန်  "တွေ့ခွင့်ရပြီဆိုရင်ထောင်ဝန်ထမ်းတွေရဲ့ လိုက်နာကျင့်သုံးအပ်တဲ့ စံချိန်စံနှုန်းအတိုင်းလုပ်ပေးရမှာပေါ့။ အဲ့လို့မဟုတ်ဘဲ တစ်လမှာ တစ်ကြိမ်ဆို‌တော့ နည်းတာပေါ့။အကျဉ်းကျနေတဲ့ မိသားစုဝင်တွေရဲ့ အခွင့်အရေးကို ချိုးဖောက်တာပဲ"ဟု နိရဥ္စရာကို ပြောသည်။

အင်းစိန်အကျဉ်းထောင်တွင် ထောင်ဝင်စာသွားတွေ့ခဲ့သည့် အမျိုးသမီးတစ်ဦးက အကျဉ်းသားတစ်ဦးအား အိမ်ထောင်စုစာရင်းပါ မိသားစုဝင် ၁ ဦး တွေ့ခွင့်ရှိပြီး သံဇကာ ၂ ထပ်ခြားထား တွေ့ဆုံခွင့်ရခြင်းဖြစ်ကာ ကိုဗစ်စည်းကမ်းကြောင့် နှာခေါင်းစည်း (Mask)များ တပ်ထားရကြောင်း  နိရဉ္စရာသတင်းဌာနကို ပြောသည်။

သေဒဏ်နှင့် တစ်သက်တစ်ကျွန်းကျတဲ့နိုင်ကျဉ်းတွေ မနေ့က တွေ့ခွင့်မရဘူး။ တွေ့ခွင့်ရဖို့ စာတင် ထားရတယ်ကြားတယ်။ နောက်အပတ်လောက် တွေ့ရမယ်ထင်တယ်။ မနေ့က မနက် ၈ နာရီက မနက် ၁၁ နာရီခွဲအထိတစ်ချိန်၊ ၂ နာရီခွဲက ညနေ ၄ နာရီအထိတစ်ချိန် တွေ့ခွင့်ပေးခဲ့တယ်ဟု ပြောသည်။

စစ်ကောင်စီက ထောင်ဝင်စာတွေ့ဆုံခွင့်ပေးခြင်းသည် စေတနာမပါကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများက သုံးသပ်သည်။

နိုင်ငံရေးအကျဉ်း သားဟောင်းတစ်ဦးက အကျဉ်းဦးစီးဆိုတာ ကျွန်တော်တို့က ဆယ်နှစ်လောက် နေခဲ့ရတာလေ။ ပိုက်ဆံသွင်းမယ်ဆိုရင်လည်း ၁ဝဝ ကို ၂ဝဝ ပေးရတယ်။ အောက်လမ်းကသွင်းတာ။ အဲ့လိုမဟုတ်ဘဲနဲ့ ဈေးစာရင်း တရားဝင် ငွေသွင်းရင်တောင်မှ လက်ခံရရှိကြောင်း စလစ် မပေးတော့ဘူးဗျ။ ဈေးဝယ်မယ်ဆိုရင်လည်း သူတို့က အမြတ်တင်ထားသေးတယ်။ သူတို့ လုပ်ကွက်တွေပေါ့နော်။ နောက်တခါ ရပ်ကွက်အုပ်ချုပ်ရေးမှုး၊ ရဲစခန်း။ ကျန်းမာရေးဌာနတွေကို လမ်းဖွင့်ပေးလိုက်တာ။ မင်းတို့အတွက်ဂွင်ပဲကွာ။ ဒီကြေညာချက် ထုတ်ပြီးတော့မှ ငါ့ကောင်ကြီးတွေ မင်းတို့စားကြပေါ့။ မင်းတို့ကိုဦးခိုက်လာလိမ့်မယ်။ မင်းတို့လည်းပညာပြပေါ့ဆိုတဲ့သဘောဟု ပြောသည်။

 
ထောင်ဝင်စာ ပထမဆုံး ဧည့်တွေ့ခွင့်ရခဲ့သည့် အောက်တိုဘာ ၂၄ ရက်တွင် ရန်ကုန် အင်းစိန်ထောင်၊ မန္တလေး အိုးဘိုထောင်၊ စစ်တွေထောင်  အပါအဝင် တချို့တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ထောင်ဝင်စာတွေ့သူ များပြားခဲ့ကြောင်း သိရသည်။

ထောင်တစ်ခုလျှင် တစ်နေ့ လူဦးရေ ၁၀၀ ဖြင့် ၂၅ ဦးစီကို လေးသုတ်ခွဲတွေ့ခွင့်ရခဲ့ပြီး တစ်လလျှင် အကျဉ်းသား/ အချုပ်သားတစ်ဦးက မိသားစုဝင်တစ်ဦးသာတွေ့ခွင့်ရှိကြောင်းလည်း သိရသည်။ (NN-13 and NN- 15)


ဆက်စပ် သတင်းများ