- Web Master
- ၂၉ သြဂုတ် ၂၀၂၄
ချစ်အိလှိုင်
နိရဉ္စရာ၊ မေလ ၃ဝ/ ၂ဝ၂၁
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ အမ်းသားရွာ စစ်ဘေးရှောင်စခန်းတွင် မိသားစုဝင် ၄ ဦး မှိုအဆိပ် သင့်ခဲ့ကြသည်ဟု သတင်းရရှိသည်။
၄င်းမိသားစု ၄ ဦးမှာ ဦးကျော်လှ (၄၅)နှစ်၊ သားကြီး ဖြစ်သူ ဦးကျော်နိုင်(၂၅)နှစ်၊ သမီးဖြစ်သူ ခိုင်ခိုင်ဆန်း(၁၃)နှစ် နှင့် သမီးငယ် မခင်မာနွယ်(၂)နှစ် တို့ဖြစ်ကြောင်း သိရသည်။
ဦးကျော်လှ၏ ဇနီးဖြစ်သူ ဒေါ်ကြည်ဦးမော်က “ ကျွန်မကလည်း ဘုန်းကြီးကျောင်းနောက်ဖက်မှာ မှိုတွေ ပွင့်နေတာတွေ့လို့ ခူးချက်လိုက်တာပါ။ ကလေးတွေနဲ့ သူတို့အဖေက စားပြီးတာနဲ့အန်တယ်၊ ဝမ်းသွားတယ်။ ကလေးတွေအဖေက သတိမရတစ်ချက်ရတချက်နဲ့မို့ နီးစပ်ရာ သေကန်ရွာက ဆေးမှူးကို သွားခေါ်ခဲ့ရတာပါ။ အခုဆေးထိုးထားလို့ သက်သာနေကြပါပြီ” ဟုပြောသည်။
ယနေ့ နံနက်က ထမင်းစားပြီးနောက် ၁၁ နာရီခန့်တွင် မိသားစုဝင် ၄ ဦးမှာ မှိုအဆိပ်ဖြစ်ပြီး သတိမေ့၊ အော့အန် လာခဲ့ကြသည်ဟု ဆိုသည်။
၄င်းတို့ အမ်းသားစစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်များမှာ စားဝတ်နေရေးအခက်အခဲများကြောင့် ယခုကဲ့သို့ နီးစပ်ရာတွင် ပေါက်ရောက်နေသည့် ဟင်းလျာများကို
ရှာဖွေ စားသောက်ကြရကြောင်း အမ်းသားရွာ စစ်ဘေးရှောင် စခန်းမှ ဒေါ်သန်းသန်းမြကပြောသည်။
“ ဒီလိုပဲရှာကြံစားနေကြရတာ။ သူတို့ မိသားစုကလည်း စားလို့ရတယ်ထင်ရင်စားကြတာပဲ။ ကံကောင်းလို့ ဘာမှမဖြစ်သွားတာပေါ့။ အစ်မကြီးတို့စခန်းမှာ ဆန်မရတာလည်း နှစ်လရှိပြီ။ အတော် အခက်အခဲ ဖြစ်နေကြရတယ်။ကြာရင်ငတ်ကြတော့မယ် ” ဟုပြောသည်။
၄င်းတို့ စစ်ဘေးရှောင်စခန်းတွင် လူဦးရေ ၁ဝဝ ကျော်နေထိုင်လျက်ရှိကြောင်း သူမကဆက်ပြောသည်။