ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

ရခိုင်မှ မြို့နယ်နှစ်ခုရှိ စစ်ဘေးရှောင်စခန်းအချို့တွင် စားရိက္ခာပြတ်လပ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဇူလိုင် ၂၀၂၁
  • | ကြည့်ရှုသူ: 7.3k

ဆောင်းဇာခြည်
နိရဥ္စရာ၊ ဇူလိုင် ၂/ ၂၀၂၁
ရခိုင်ပြည်နယ်ရှိ စစ်တွေမြို့နှင့် ရသေ့တောင်မြို့မှ စစ်ဘေးရှောင်စခန်းအချို့တွင် စားရိက္ခာ ပြတ်လပ်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။
စားရိက္ခပြတ်လပ်နေသော စခန်းအချို့မှာ ရသေ့တောင်မြို့၊ တောင်ရင်းတန်းရပ်ကွက်၌ရှိသည့် စစ်မှုထမ်းဟောင်းကယ်ဆယ်ရေးစခန်းနှင့် စစ်တွေမြို့ရှိ ဥဿလင်းဘုန်းတော်ကြီးကျောင်း ကယ်ဆယ်ရေးစခန်းတို့တွင် စားရိက္ခာပြတ်လပ်နေခြင်းဖြစ်ကြောင်း သိရသည်။
ထိုစခန်းနှစ်ခုထဲမှ စစ်တွေ ဥဿလင်းကယ်ဆယ်ရေးစခန်းသို့ စားရိက္ခာများ မရောက်သည်မှာ နှစ်လတိတိ ရှိနေပြီဖြစ်၍ လက်ရှိ စစ်ဘေးရှောင်များမှာ ကြုံရာကျပန်းအလုပ်များ လုပ်ကိုင်ကာ ရှာဖွေ စားသောက်နေကြရကြောင်း ယင်းစခန်းမှ စစ်ဘေးရှောင် ကိုရွှေကျော်ဝင်းက ပြောသည်။
“ဆန်ပြတ်နေတာ နှစ်လရှိပြီ။ အခုဆိုရင် စခန်းမှာ ဆန်တစ်အိတ်မှ မကျန်တော့ပါဘူး။ အရမ်းအခက်ခဲ ဖြစ်နေကြပါပြီ။ ဒီအထဲက တချို့မှာဆိုရင် ဆန်မရှိတဲ့အတွက် ကျပန်းအလုပ်တွေ လုပ်ပြီး ရှာစားနေကြရပါတယ်။ မြို့ထဲမှာ ပန်းရံတွေ သွားလုပ်ကြပါတယ်” ဟု ပြောသည်။
ယခင်လများတွင် အဆိုပါ စခန်းကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ဆန်၊ အဟာရမုန့်၊ ဆပ်ပြာများကို လစဉ်ပုံမှန်ထောက်ပံ့ပေးပြီး ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) မှ လူတစ်ဦးစီကို တစ်လလျှင် ငွေ တစ်သောင်းခွဲအား ထောက်ပံ့ပေးကြောင်း သူက ဆက်ပြောသည်။
သို့သော်လည်း ထောက်ပံ့ငွေနှင့် စားရိက္ခာများ မရသည်မှာ နှစ်လတိုင် ရှိနေပြီဖြစ်ကြောင်း ယင်းစခန်း တာဝန်ခံဆရာတော် ဦးထေရဝံသက ပြောသည်။
“ဆန်မရောက်တာ နှစ်လရှိပါပြီ။ ကျပန်းအလုပ်လုပ်ပြီး စားနေကြတယ်။ အလုပ်မရှိရင် ရအောင်ရှာတယ်။ အဲဒီက သုံးထောင်ရတယ်၊ ငါးထောင်ရတယ်။ ဒါနဲ့ ဆန်ဆီဆား ဝယ်ပြီး ဖြစ်သလို စားနေကြပါတယ်။ အခုလက်ရှိ စခန်းမှာ စားသောက်နေဖို့ ရိက္ခာက လုံးဝကို ပြတ်နေတဲ့ အနေအထားပေါ့” ဟု ပြောသည်။
စားရိက္ခာပြတ်လပ်နေသည့်အပြင် စစ်ဘေးရှောင်များ၏ နေအိမ်အဆောင်များမှာလည်း ယခင် ၂၀၂၀ ပြည့်နှစ်က ဝါး၊ တာပေါ်လင်စများဖြင့် ဖြစ်သလိုဆောက်လုပ်ကာ နေထိုင်ခဲ့ရသည့်အတွက် ယခုမိုးရာသီ၌ အဆောင်များမှာ မိုးယိုစိမ့်ခြင်းနှင့် မိုးရေဝင်ခြင်းများဖြစ်ပေါ်သည့်အတွက် နေအိမ်ဆောင်များ ဆောက်လုပ်ရန် အရေးတကြီး လိုအပ်နေကြောင်းလည်း ယင်းစခန်းမှာ စစ်ဘေးရှောင် ဒေါ်သိန်းနုက ပြောသည်။
“အမိုးအကာလည်း မလုံတဲ့အတွက် မိုးယိုစိမ့်တာတွေ၊ လေတိုက်ရင် မိုးစိုတာတွေကို ခံပြီး နေကြရပါတယ်။ မိုးမလုံလေမလုံနေကြရတာပါပဲ။ ဆန်လည်း မရှိတော့တဲ့အတွက် နေ့စားဆင်းပြီး ရှာစားနေကြရပါတယ်” ဟု ပြောသည်။
ယင်းအပြင် ရသေ့တောင်မြို့ရှိ စစ်မှုထမ်းဟောင်းကယ်ဆယ်ရေးစခန်းမှာ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ အတွင်းက စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယင်းအချိန်မှစ၍ အစိုးရနှင့် တခြား နိုင်ငံတကာ အဖွဲ့အစည်းအချို့တို့မှ စားရိက္ခာထောက်ပံ့မှု တစ်ကြိမ်တစ်ခါမှ မရှိသေးသည့်အတွက် စစ်ဘေးရှောင်များမှာ ကြုံရာကျပန်းလုပ်ကာ ရှာဖွေစားသောက်နေကြရကြောင်း စခန်းတာဝန်ခံ ကိုမောင်သိန်းအေးက ပြောသည်။
“စခန်းစတည်ကတည်းက စားရိက္ခာထောက်ပံ့တာ မရဖူးပါဘူး။ စစ်ဘေးရှောင်တွေကလည်း မြို့ထဲမှာ အလုပ်တွေရှာပြီး စားသောက်နေကြရပါတယ်။ ဒါပေမဲ့ အခုက မိုးရာသီရောက်နေပြီဆိုတော့ အလုပ်ကလည်း ရှားသွားတော့ စစ်ဘေးရှောင်တွေ စားသောက်နေထိုင်ဖို့ ဘယ်လိုမှ အဆင်မပြေတော့ပါဘူး” ဟု သူက ဆက်ပြောသည်။
ထိုစခန်းတွင် စစ်ဘေးရှောင်များနေထိုင်ရန်အတွက် နေအိမ်ဆောင်များကို ICRC မှ ထောက်ပံ့မှုဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
စစ်မှုထမ်းဟောင်းကယ်ဆယ်ရေးစခန်းတွင် ရသေ့တောင်မြို့နယ်ရှိ ကျေးရွာပေါင်း တစ်ဆယ်ကျော်မှ ထွက်ပြေးတိမ်းရှောင်လာသူဦးရေ ၂၉၉ ဦးနှင့် အိမ်ထောင်စု ၈၅ စုရှိကြောင်း သိရသည်။
ဓါတ်ပုံ-စစ်မှုထမ်းဟောင်းကယ်ဆယ်ရေးစခန်းအား တွေ့ရစဉ်

ဆက်စပ် သတင်းများ