ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

စစ်တွေတွင် စစ်ဘေးရှောင်လင်မယားနှစ်ဦး အစာအဆိပ်သင့်၍ သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဇူလိုင် ၂၀၂၁
  • | ကြည့်ရှုသူ: 4.2k

မာန်ယုကျော်၊ နောင်ခိုင်အောင်
စစ်တွေ၊ ဇူလိုင် ၇ / ၂ဝ၂၁
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် စစ်ဘေးရှောင်လင်မယားနှစ်ဦးသည် အစာအဆိပ်သင့်မှုဖြစ်ပွား၍ သေဆုံးသွားပြီး ကလေး ၅ ဦးနှင့် အမျိုးသမီးနှစ်ဦးတို့အား အရေးပေါ်ဆေးရုံတင်ထားရသည်ဟု သတင်းရရှိသည်။
သေဆုံးသွားသူများမှာ စစ်တွေမြို့၊ မင်းဂံအကွက်(၁၇)ရှိ ဝိဘဇ္ဇဝါဒီ စစ်ဘေးရှောင်စခန်းအမှတ်(၁) တွင်နေထိုင်သည့် ဦးနန်းဦးမောင်(၄ဝ နှစ်)နှင့် ဒေါ်သန်းနုစိန် (၃ဝ နှစ်)တို့ဖြစ်ကြသည်။
သူတို့နှစ်ဦးသည် သားသမီးလေးဦးနှင့်အတူ ယမန်နေ့ ဇူလိုင်လ ၆ ရက်နေ့ ညနေပိုင်းတွင် ငါးပူတင်းငါးကို ချက်စားရာမှ အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ပြီးနောက် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု စခန်းတာဝန်ခံ ဦးစက္ကိန္ဒက မိန့်သည်။
“သူတို့တွေ ဘာဖြစ်ကြတာလဲမသိဘူးဆိုပြီး မနေ့ည ၉ နာရီလောက်က တခြားသူတွေက ဦးဇင်းကိုလာပြောတယ်။ သွားကြည့်ပြီးမေးမြန်းကြည့်တော့ သူတို့က စကားတောင်မပြောနိုင်ကြတော့ဘူး။ ဘေးနားကလူတွေက ငါးပူတင်းငါးကို စားလို့ဖြစ်တာလို့ပြောကြတယ်။ ဒါနဲ့ ချက်ချင်းပဲ ဆေးရုံကိုပို့ဖို့ ရွှေရောင်မေတ္တာကိုဖုန်းဆက်အကြောင်းကြားတော့ ဦးဇင်းတို့ဆီကိုလာဖို့ လမ်းက မကောင်းဘူး။ ဒါကြောင့် အချိန်ကြန့်ကြာမှုတွေဖြစ်သွားတယ်။ ဆေးရုံရောက်ပြီးမှ နှစ်ယောက်စလုံးဆုံးသွားတာ။”ဟု နိရဥ္စရာကိုမိန့်သည်။
သေဆုံးသွားသူတို့သည် ကျောက်တော်မြို့နယ် အောက်မွန်ထောင့်ကျေးရွာမှဖြစ်ပြီး ၎င်းတို့တွင် သား ၃ ဦးနှင့် သမီး ၁ ဦးကျန်ရှိခဲ့ကြောင်း သိရသည်။ အဆိုပါ သားသမီး ၄ ဦးလည်း စစ်တွေဆေးရုံတွင် အရေးပေါ်ကုသမှုခံယူနေရသည်။
အလားတူ ၎င်းတို့မိသားစုနှင့်အတူ ငါးပူတင်းငါးကို စားဖြစ်ခဲ့သည့်အခြား မိသားစုတစ်စုလည်း စစ်တွေဆေးရုံတွင် အရေးပေါ်ကုသမှုခံယူနေရသည်ဟု ရွှေရောင်မေတ္တာဖောင်ဒေးရှင်း၏ဥက္ကဋ္ဌ ဦးမင်းထည်ဝါက နိရဥ္စရာကိုပြောသည်။
လက်ရှိတွင် ကလေး ၅ ဦးနှင့် အမျိုးသမီး ၂ ဦးတို့သည် ခေါင်းမူးပြီး အော့အန်နေ၍ စစ်တွေဆေးရုံ၌ အရေးပေါ်ကုသခံယူနေရသည်ဟုလည်း သိရသည်။
ဓာတ်ပုံ - ရွှေရောင်မေတ္တာဖောင်ဒေးရှင်း

ဆက်စပ် သတင်းများ