ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

မြောက်ဦးမြို့နယ်က စစ်ဘေးရှောင်အမျိုးသမီးတစ်ဦး၌ ကိုဗစ်ပိုးတွေ့ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ ဇူလိုင် ၂၀၂၁
  • | ကြည့်ရှုသူ: 9.2k

ချစ်အိလှိုင်
နိရဉ္စရာ၊ ဇူလိုင် ၁၄/ ၂ဝ၂၁
ကိုဗစ် တတိယလှိုင်းအတွင်း မြောက်ဦးမြို့နယ်၊ စင်းဘောကိုင်း စစ်ဘေးရှောင်စခန်းမှ အမျိုးသမီးတစ်ဦးတွင်ကိုဗစ်ပိုးတွေ့ရှိကြောင်း သတင်းရရှိသည်။
အဆိုပါအမျိုးသမီးမှာ မြောက်ဦးမြို့နယ် ဘုရားကြီးကျေးရွာမှ စစ်ဘေးရှောင်အသက်(၄ဝ)ကျော်အရွယ် အမျိုးသမီးဖြစ်ပြီး ဇူလိုင် ၁၂ ရက်နေ့က အနံ့မရသဖြင့် အကြောင်းကြားလာ၍ ကျန်းမာရေးဌာနသို့ ပို့ဆောင်စစ်ဆေးခဲ့ရာက ကိုဗစ်ပိုးတွေ့ရှိခြင်း ဖြစ်ကြောင်း ၄င်းစခန်းတာဝန်ခံ ဒေါ်ဥမ္မာနွယ်က နိရဥ္စရာသတင်းဌာနကို ပြောသည်။
“ အနံ့မရတော့ဘူးလို့အကြောင်းကြားလာတဲ့အတွက် မြောက်ဦးမြို့ ကျန်းမာရေးဌာနကို ဆက်သွယ်ပြီး ပို့ပေးခဲ့တာပါ။ အဲဒီမှာ စစ်ဆေးတော့ ပိုးတွေ့တာပါ။ ဒီနေ့မနက်တော့ ကျန်းမာရေးဌာနက သူတို့မိသားစုဝင်တွေကို အိမ်အပြင်မထွက်ဖို့ မှာပြီး စခန်းက လူတွေလည်း အပြင်မသွားကြဖို့ မှာခဲ့ပါတယ်။သူတို့မိသားစုကတော့ ငါးယောက်လောက်ရှိတယ်။ စခန်းကလူတွေလည်း စိုးရိမ်နေကြတာပေါ့ရှင်။ စာရေးသောက်ရေးက အဆင်မပြေရတဲ့အထဲ အခုလိုဖြစ်တော့ ခက်ပြီပေါ့” ဟုပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ မြောက်ဦးဆေးရုံအုပ်ဒေါက်တာခင်မောင်သန်းအားဆက်သွယ်ရာ ၄င်းအမျိုးသမီးတွင် ကိုဗစ်ပိုးတွေ့ရှိသည်မှာ ဟုတ်မှန်ကြောင်း ၊ ထိတွေ့သူအရေအတွက် စိစစ်ဆဲဖြစ်ကြောင်း ပြောသည်။
“ အနံ့မရလို့ဆိုပြီးကျွန်တော်တို့ဌာနကို ဆက်သွယ်လာတာ။ သူနဲ့ထိတွေ့တဲ့လူတွေကို ကျွန်တော်တို့ စိစစ်ဆဲပါ။ သူကတော့ကျန်းကျန်းမာမာပါပဲ။ စခန်းကို lockdown ချဖို့တော့မရှိဘူး” ဟုပြောသည်။
အဆိုပါ စင်းဘောကိုင်းစခန်းတွင် မြောက်ဦး၊မင်းပြား ကျောက်တော်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်များမှ စစ်ဘေးရှောင် လူဦးရေ (၃၉ဝ၁) ဦး ၊ အိမ်ထောင်စု (၇၇၅) စု နေထိုင်ကြောင်း သိရသည်။

ဆက်စပ် သတင်းများ